အလုံမြို့နယ် စက်တွင်းလမ်းတွင် အမျိုးသားတစ်ဦး ခြောက်ထပ်တိုက်ပေါ်မှ ခုန်ချသေဆုံး

အလုံမြို့နယ် စက်တွင်းလမ်းတွင် အမျိုးသားတစ်ဦး ခြောက်ထပ်တိုက်ပေါ်မှ ခုန်ချသေဆုံး
Published 11 January 2018

အလုံမြို့နယ် စက်တွင်းလမ်းတွင် အမျိုးသားတစ်ဦး ခြောက်ထပ်တိုက်ပေါ်မှ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက် နံနက် ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်မှ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်စစ်ဆေးရာ ခုန်ချခဲ့သူမှာ စက်တွင်းလမ်း အမှတ် (၅၃) ခြောက်လွှာတွင် နေထိုင်သည့် ကို...(၂၇ နှစ်) ဖြစ်ပြီး နောက်ဖေးလမ်းကြားသို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၅ နာရီလောက်မှာ သတင်းရလို့ သွားရောက်စစ်ဆေးတဲ့ အချိန်မှာတော့ ခုန်ချတဲ့သူက အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။ သူက သူ့ရဲ့နေအိမ် နောက်ဖေးဘက်လမ်းကြားကို ခုန်ချသေဆုံးခဲ့တာပါ” ဟု အလုံမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ ခုန်ချခဲ့သဖြင့် ကို.... (၂၇ နှစ်) မှာ ဦးခေါင်းဝဲဘက်ချိုင့်ဝင်ကြေမွဒဏ်ရာ၊ ဝဲ/ယာခြေချင်းဝတ်ပွန်းခြစ်ဒဏ်ရာ၊ ပေါင်ပွန်းခြစ်ဒဏ်ရာနှင့် ဝဲခါးစောင်းပေါက်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

“သူတို့က ရပ်ကွက်ထဲမှာနေတာကြာပြီ။ သူတို့နေတဲ့တိုက်နဲ့ သိပ္ပံလမ်းကြားထဲက နောက်ဖေးလမ်းကြားထဲကို ခုန်ချသွားတာပါ။ ဖြစ်ပြီးတော့ ရဲတွေ၊ မီးသတ်တွေ၊ အုပ်ချုပ်ရေးမှူးတွေက လာစစ်ပြီး ဆေးရုံကားနဲ့ ဆေးရုံကို ခေါ်သွားပါတယ်” ဟု အနီးပတ်ဝန်းကျင်နေသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား အလုံမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၈) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent