သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ရောင်းချသော အစားအသောက်များကို FDA က ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝယ်ယူစစ်ဆေး

သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ရောင်းချသော အစားအသောက်များကို FDA က ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝယ်ယူစစ်ဆေး
Published 11 January 2018

ဇန်နဝါရီ ၉ ရက်က သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ရောင်းချသော အစားအသောက်များအား စစ်ဆေးမှု ပြုလုပ်နေစဉ်

ဇန်နဝါရီ ၉ ရက်က သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ရောင်းချသော အစားအသောက်များအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝယ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီဝင်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ရောင်းချသည့် အစားအသောက်များအား ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝယ်ယူစစ်ဆေးခဲ့ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မုန့်ဈေးတန်းတွင် ဈေးရောင်းချသူများအား အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများအချို့ရှိ စားသောက်ဆိုင်နှင့် ကန်တင်းများတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက Canteen Food Safety စီမံချက်ဖြင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လုပ်ဆောင်နေပြီး မွန်ပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှစ၍ မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် (ရွှေတောင်) ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် ရှောင်တခင် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၈ ရက်ကလည်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များနှင့် ချက်ပြုတ်ရာတွင် အသုံးပြုသော အစားအသောက် ကုန်ကြမ်းပစ္စည်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်ရုံးအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ပြီး ရောင်းချနေသည့် အစားအသောက်များတွင် ဘေးအန္တရာယ် ကင်းရှင်းမှုရှိမရှိ ဓာတ်ခွဲစစ်ဆေးရန် အစားအသောက် နမူနာများကို ရယူခဲ့ကြောင်း သိရသည်။

စစ်ဆေးခဲ့သော အစားအသောက် နမူနာများအနက် မုန့်ဖတ်မှာ ဖော်မလင်ပါဝင်ကြောင်း တွေ့ရှိရသဖြင့် ယင်းစားသုံးရန်မသင့်သော မုန့်ဖတ်များအား သိမ်းဆည်းဖျက်ဆီးခြင်း၊ ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းနှင့် မူလရောင်းချသူအား စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent