ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို မြောက်ပိုင်းခရိုင် တရားရုံးတွင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စတင်တရားစွဲ

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို မြောက်ပိုင်းခရိုင် တရားရုံးတွင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စတင်တရားစွဲ
Published 11 January 2018

ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုကျော်စိုးဦး၏ ဇနီးနှင့် ကလေးငယ်အား ဇန်နဝါရီ ၁၀ ရက် ရုံးထုတ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို မြောက်ပိုင်းခရိုင်တရားရုံးတွင် ဇန်နဝါရီ ၁၀ ရက်က ရုံးထုတ်ခဲ့ပြီး မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

တရားစွဲဆိုသူမှာ ဒုတိယရဲမှူးကြီးယုနိုင်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ- ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခဲ့ကာ တရားလိုပြသက်သေ စုစုပေါင်း ၂၅ ဦးရှိကြောင်း၊ ယနေ့ရုံးထုတ်တွင် သတင်းထောက်နှစ်ဦးအတွက် အာမခံ လျှောက်လွှာတင်ခဲ့ကြောင်း ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်၏ ပြောကြားချက်အရ သိရသည်။

“ပုဒ်မကတော့ အရင်အတိုင်းပါပဲ။ ဒီနေ့ ကျွန်တော်တို့ အာမခံ လျှောက်လွှာတင်တယ်။ လာမယ့်ရုံးချိန်းမှာ အာမခံအတွက် နှစ်ဖက်လျှောက်လဲချက်ပေးမယ်။ တရားလိုဘက်ကလည်းပေးမယ်။ ကျွန်တော်တို့ဘက်ကလည်းပေးမယ်။ ကျွန်တော်တို့ အကြမ်းဖျင်းတော့ သိထားတာက စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှု အကြောင်းပြချက်နဲ့ စွဲတာပေါ့။ အသေးစိတ်ကတော့ ကျွန်တော်တို့ မိတ္တူကူးထားတာ လက်ထဲရောက်မှပဲ ပြောလို့ရမယ်” ဟု ဖမ်းဆီးခံသတင်းထောက်နှစ်ဦး၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ထို့ပြင် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရစဉ်က တစ်ပါတည်း အရေးယူခဲ့သည်ဆိုသော ရဲအရာရှိတစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦးတို့၏ အမည်မှာ တရားလို ဒုတိယရဲမှူးကြီးယုနိုင်ဘက်မှ တင်သွင်းထားသော သက်သေ ၂၅ ဦး စာရင်းတွင် ပြန်လည်ပါဝင်နေကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ကျွန်တော်တရားခွင်မှာတော့ မေးခဲ့ပါတယ်။ သတင်းစာမှာပါတဲ့ ဒုရဲမှူးမိုးရန်နိုင်နဲ့ တပ်ကြပ်ခင်မောင်လင်း အကြောင်းကိုတော့ တရားရုံးပေါ်စွဲတင်တာတော့ မရှိဘူးလို့ပြောတယ်။ နောက်တစ်ခါ သက်သေ စာရင်းပြန်ကြည့်တော့ ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ် ခင်မောင်လင်းတို့က ပြန်ပါနေတယ်” ဟု ၎င်းက ပြောကြားသည်။

ယနေ့ရုံးချိန်းသို့ တရားလို ဒုတိယရဲမှူးကြီးယုနိုင် လာရောက်ခြင်းမရှိဘဲ အမှုအား ဇန်နဝါရီ ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံရသည့် မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးက “ကျွန်တော်တို့ မီဒီယာသမားတွေဟာ ဖြစ်ရပ်မှန်တွေကို ရေးသားဖော်ထုတ်မှာကို စိုးရိမ်နေတဲ့အတွက်ကြောင့် ဒီလိုရေးသားဖော်ထုတ်မှုတွေကို မလုပ်ရဲအောင်လို့ အခုလို မတော်မတရားတဲ့ နည်းလမ်းတွေကိုသုံးပြီးတော့ ကျွန်တော်တို့ကို ဖမ်းဆီးပြီးတော့ တရားစွဲဆိုတာဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုတွေကို ကျွန်တော်တို့ရင်ဆိုင်သွားမှာပါ။ သတင်းတွေကို မှန်မှန်ကန်ကန် ရေးသားထုတ်ဖော်ခွင့် မရနိုင်အောင်လို့ အခုလိုမျိုး ကျွန်တော်တို့ကို မမှန်ကန်တဲ့နည်းလမ်းနဲ့ ဖမ်းဆီးခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု တရားခွင်မှ ပြန်ထွက်လာစဉ် ပြောကြားသည်။

ရုံးချိန်းသို့ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် သတင်းထောက်နှစ်ဦး၏ မိသားစုဝင်များ၊ ကိုကျော်စိုးဦး (ခ) မိုးအောင်၏ဇနီးနှင့် သုံးနှစ်အရွယ်သမီးတို့ လာရောက်တွေ့ဆုံခဲ့ပြီး သံရုံးအချို့မှ တာဝန်ရှိသူများကလည်း တရားရုံး၏ တရားခွင်သို့ လာရောက်ခဲ့သည်ကို တွေ့ရသည်။

တရားရုံးသို့ လာရောက်သတင်းယူသော သတင်းမီဒီယာအသီးသီးမှ သတင်းထောက်များကလည်း ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးနှင့်ပတ်သက်၍ ပြုလုပ်သော အမည်းရောင်လှုပ်ရှားမှုအနေဖြင့် အင်္ကျီအနက်များ ဝတ်ဆင်လာကြသည်ကိုလည်း တွေ့ရှိရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအရလည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ လည်းကောင်း ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား အမြန်ဆုံးလွှတ်ပေးရန် မီဒီယာအဖွဲ့အစည်း ၁၂ ခုက တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent