မြန်မာနိုင်ငံသို့ တစ်နှစ်အတွင်း ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ မှာ စင်ကာပူနိုင်ငံဖြစ်ပြီး အခြားတတိယနိုင်ငံများက စင်ကာပူတစ်ဆင့်ခံ ဝင်ရောက်မြှုပ်နှံနေခြင်းဖြစ်

မြန်မာနိုင်ငံသို့ တစ်နှစ်အတွင်း ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ မှာ စင်ကာပူနိုင်ငံဖြစ်ပြီး အခြားတတိယနိုင်ငံများက စင်ကာပူတစ်ဆင့်ခံ ဝင်ရောက်မြှုပ်နှံနေခြင်းဖြစ်
Published 11 January 2018

သီလဝါတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးစခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

မြန်မာနိုင်ငံသို့ တစ်နှစ်အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ မှာ စင်ကာပူနိုင်ငံကဖြစ်ပြီး အခြားတတိယနိုင်ငံများက စင်ကာပူတစ်ဆင့်ခံကာ ဝင်ရောက်မြှုပ်နှံနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“လတ်တလောမှာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုကိုကြည့်ရင် နှစ်နှစ်အတွင်း အများဆုံးလာတာ စင်ကာပူက။ စင်ကာပူက မြန်မာနိုင်ငံမှာ တစ်နှစ်တစ်နှစ် ဝင်လာသမျှ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးရဲ့ ရာခိုင်နှုန်း ၄၀ လောက်က စင်ကာပူက ဝင်ပါတယ်။ စင်ကာပူ ရင်းနှီးမြှုပ်နှံမှုဆိုသော်ငြားလည်း စင်ကာပူနိုင်ငံသားတွေလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေချည်း မဟုတ်ပါဘူး။ အခြားတတိယနိုင်ငံတွေက တစ်ဆင့်ခံရင်းနှီးမြှုပ်နှံမှုတွေ ပါပါတယ်။ အခြားတတိယနိုင်ငံတွေက စင်ကာပူမှာ ကုမ္ပဏီကော်ပိုရိတ်လုပ်တယ်။ လုပ်ပြီးမှ မြန်မာပြည်ကို စင်ကာပူက တစ်ဆင့် ဝင်လာတယ်ပေါ့နော်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

“စင်ကာပူမှာ ဘဏ်လုပ်ငန်းကဏ္ဍက ပိုကောင်းတယ်။ အဲဒီတော့ စင်ကာပူကနေ မြန်မာပြည်ကိုဝင်ရတာ ပိုလွယ်တယ်။ နောက်တစ်ချက်က စင်ကာပူသည် အာဆီယံရဲ့ အဝန်းအဝိုင်းထဲမှာပါနေတော့ ကျွန်တော်တို့ ASEAN Comprehensive Investment Agreement ရဲ့ Protection ကိုလည်း စင်ကာပူကလာရင် အပြည့်အဝရတယ်။ အဲဒါကြောင့် စင်ကာပူက ဝင်တာများပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဝင်ရောက်မြှုပ်နှံမှု အားကောင်းပြီး ဆက်လက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်နေသည့် နိုင်ငံများမှာ ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန်နှင့် အာဆီယံနိုင်ငံများမှဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ၊ တရုတ်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ၊ နယ်သာလန်နိုင်ငံက ဒေါ်လာ ၅၃၃ သန်း၊ ကိုရီးယားနိုင်ငံက ဒေါ်လာ ၂၂၃ သန်း၊ ဟောင်ကောင်က ဒေါ်လာ ၂၀၂ ဒသမ ၈၉၉ သန်းအထိ ဝင်ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ်ဝက်အတွင်း ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မကာအို၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်၊ ဗီယက်နမ်၊ လူဇင်ဘတ်၊ ဆာမိုအာ၊ ကာတာ၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ နယူးဇီလန်စသည့် နိုင်ငံ၊ ဒေသများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မြှုပ်နှံထားပြီးသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာတတိယပတ်အထိ ဒေါ်လာသန်း ၆၀၀ ကျော်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ထားကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent