ပြည်နယ်သာသနာရေး ဦးစီးဌာနက ခွန်တန် (ခ) ဇာတ်လိုက်နှင့်အဖွဲ့အား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေလိုက်နာခြင်း မရှိမှုနှင့် သာသနာတော် ညှိးနွမ်းစေမှုများဖြင့် အရေးယူပေးပါရန် သထုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား

ပြည်နယ်သာသနာရေး ဦးစီးဌာနက ခွန်တန် (ခ) ဇာတ်လိုက်နှင့်အဖွဲ့အား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေလိုက်နာခြင်း မရှိမှုနှင့် သာသနာတော် ညှိးနွမ်းစေမှုများဖြင့် အရေးယူပေးပါရန် သထုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား
Published 10 January 2018

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

ပြည်နယ်သံဃနာယက အဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးချေက်အရ ပြည်နယ် သာသနာရေး ဦးစီးဌာနမှ ခွန်တန် (ခ) ဇာတ်လိုက် (ခ) ခွန်အောင် (ခ) ဓမ္မရာဇာ (ခ) ကိုရင်လေးနှင့်အဖွဲ့အား ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၃ နာရီက သထုံမြို့နယ် တရားရုံးသို့ လာရောက်ကာ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ လိုက်နာခြင်း မရှိမှု၊ သာသနာတော် ညှိးနွမ်းစေမှုများဖြင့် အရေးယူပေးပါရန် သထုံမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာ အလံတစ်ရာဘေးမဲ့ ကုန်းကျောင်းနေ ဦးသာသနိကနှင့် အလံတစ်ရာ ဘုရားကြီးဝင်းနေ ဦးဇာနေယျ (ခ) ဦးစံသိန်းတို့နှစ်ဦးအား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ၏ ပုဒ်မ-၁၁ ကိုလိုက်နာမှုမရှိသဖြင့် ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးယဉ်မောင်ထွေးက သထုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီး ဦးရွှေမြင့်မောင်က ရာဇဝတ်မှုကြီးမှု အမှတ် ၁၇/၂၀၁၈၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ-၁၄ ဖြင့် အမှုလက်ခံခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးယဉ်မောင်ထွေးက သထုံမြို့နယ် အလံတစ်ရာ ကျေးရွာနေ ခွန်တန် (ခ) ဇာတ်လိုက် (ဘ) ဦးမောင်မောင်၊ အလံတစ်ရာ ဘုရားဝင်းနေ ဦးဇာနေယျ (ခ) ဦးစံသိန်း၊ ဦးအောင်ထွန်းလှ၊ ဦးမြရှင်၊ ဦးအဒီးစ် (ခ) စိုးမြင့်၊ ဦးရွှေတလီ၊ ဦးသာမောင်နှင့် သထုံမြို့နယ် နောင်ကုလားကျေးရွာ ရှမ်းရွာနေ ဦးသန်းလေးတို့ ရှစ်ဦးအား အလံတစ်ရာ နယ်မြေအတွင်း ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းအောင် လုပ်ဆောင်သဖြင့် သထုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီး ဦးရွှေမြင့်မောင်က ရာဇဝတ်မှုကြီး အမှတ် ၁၈/၂၀၁၈၊ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရာဇသတ်ကြီးပုဒ်မ-၂၉၅-က ဖြင့် အမှုလက်ခံခဲ့ကြောင်း သိရသည်။

ရာဇဝတ်မှုကြီးမှု အမှတ် ၁၈/၂၀၁၈ ဖြင့် ဦးတိုက်လျှောက်ထားခြင်း ခံထားရသူ ရှစ်ဦးအနက်မှ ဦးအောင်ထွန်းလှ၊ ဦးမြရှင်၊ ဦးအဒီးစ် (ခ) စိုးမြင့်၊ ဦးရွှေတလီနှင့် ဦးသာမောင်တို့ ငါးဦးမှာ ၂၀၁၇ ခုနှစ် သြဂုတ်၂၁ ရက်က သထုံမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ-၂၉၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး တရားရင်ဆိုင် ခံနေရသူများ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent