အချိန်အခါမဟုတ် မိုးရွာသွန်းမှု၊ ရာသီဥတုဒဏ်များကြောင့် ကွမ်းအထွက်နှုန်းများ ကျဆင်းကာ နှစ်ပေါင်း ၂၀ ကျော်အတွင်းတွင် မန္တလေး ကွမ်းဈေးကွက်ရှိ ကွမ်းရွက်ဈေးမှာ စံချိန်တင် မြင့်တက်နေကြောင်း မန္တလေးမြို့ရှိ ကွမ်းကုန်သည်များထံက သိရသည်။
ပြီးခဲ့သည့် သီတင်းကျွတ်လက မိုးအဆက်မပြတ် ရွာသွားခဲ့သည့်ဒဏ်ကြောင့် ကွမ်းခြံများ မိုးဒဏ်မခံနိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အနယ်နယ်အရပ်ရပ်ရှိ ကွမ်းခြံများမှ ကွမ်းရွက်များ အထွက်နှုန်း နည်းပါးသဖြင့် လက်ရှိအချိန်ထိ ကွမ်းရွက်ဈေး မြင့်တက် နေရခြင်းဖြစ်ပြီး ယမန်နှစ်က ယခုအချိန်အခါတွင် ကွမ်းရွက်ဈေးမှာ မိုးသီးကြောင့် အနယ်နယ်အရပ်ရပ်မှာ မိုးသီးတွေကျပြီး ကွမ်းခြံများ ပျက်စီးခဲ့သော်လည်း ကွမ်းဈေး ယခုနှစ်ဈေးအထိ မရောက်ခဲ့ကြောင်း၊ ယမန်နှစ်က လက်လီဈေးမှာ ယခုနှစ် လက်ကားဈေးအထိ ရောက်ခဲ့တာကြောင့် နှစ်ပေါင်း ၂၀ ကျော်အတွင်း ယခုနှစ်က စံချိန်တင်မြင့်တက်သည်ဟု ဆို၍ရကြောင်း ကွမ်းလက်လီလက်ကား ရောင်းဝယ်သူ ကိုဖိုးသိုင်းက ပြောကြားခဲ့ သည်။
“ခေတ်ကာလအရပြောရရင် ကွမ်းဈေးက အမြင့်ဆုံးပေါ့။ ကျွန်တော်ဆို ၁၉၉၇ ခုနှစ်ကစပြီး ကွမ်းအရောင်းအဝယ် လုပ်လာတာ ဒီနေ့ ဈေးအထိ မရောက်ခဲ့ဘူး။ ဒါပေမဲ့လို့ မနှစ်ကဆိုရင် ရောက်တော့ ရောက်ခဲ့တယ်။ ကျပ် ၁၂၅၀၀ အထိ ရောင်းခဲ့ဖူးတယ်။ ပြန်ပေးဈေးပေါ့။ ဒါပေမဲ့ လက်လီရောင်းတဲ့ဈေးက မသိရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဈေးရောင်းကြတာ မတူကြတာဆိုတော့ မနှစ်က မိုးသီးတွေကျပြီး ပျက်စီးမှုများတာတောင် ဒီဈေးအထိ မရောက်ခဲ့ဘူး။ မိုးသီးတွေကျတယ် ဆိုတာက အနယ်နယ် အရပ်ရပ်မှာ မိုးသီးတွေကျလို့ ကွမ်းခြံတွေ ပျက်စီးခဲ့ကြတာတောင် ဒီဈေးအထိ မရောက်ခဲ့ဘူး။ ကျပ် ၁၂၅၀၀ အထိပဲ ရောက်ခဲ့တယ်။ လက်လီဈေးတောင်မှ ၁၃၀၀၀ နဲ့ ၁၄၀၀၀ ပဲရှိတာ။ ဒီနှစ်ကိုယ် ပြန်ပေးတာတောင် ယနေ့ဈေးပေါ့။ ကျပ် ၁၄၅၀၀ ပေါ့။ မနှစ်က လက်လီဈေးလောက် ရှိတာပေါ့။ ဒီနှစ်အတိုင်းအတာက ပြောရရင် ကျွန်တော် ကွမ်းရောင်းတဲ့ သက်တမ်းတစ်လျှောက်မှာ စံချိန်တင်တဲ့အထိ ရှိသွားတယ်။ ဈေးကွက်ရှိသွားပြီး ဈေးကွက် အရမ်းမြင့်သွားတယ်” ဟု ကိုဖိုးသိုင်းက ပြောကြားသည်။
လက်ရှိတွင် မန္တလေး ကွမ်းဈေးကွက်သို့ အနယ်နယ်အရပ်ရပ်ရှိ ကွမ်းခြံများမှ ကွမ်းရွက်များ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ် ဖြစ်နေကြောင်း၊ ကွမ်းရွက်များကို ကျောက်ဆည်မြို့ထွက် ကွမ်းရွက်များကို မူတည်၍ ရောင်းချသူများက ဈေးဖြတ်ကြသည်။ နှစ်စဉ် ဆောင်းရာသီတွင် ကွမ်းထွက်နှုန်း နည်းပါးသော်လည်း ယခင်နှစ် ကာလတူ နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကွမ်းထွက်နှုန်း လျော့ကျလျက်ရှိကြောင်း၊ ကွမ်းခြံအများစုသည် ကွမ်းရွက်များကို ရက်ပေါင်း ၁၅ ရက် အတွင်းလျှင် တစ်ကြိမ်ခူးပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ ကွမ်းပင်အရေအတွက် ၅၀၀၀ ခန့်ရှိသည့် ကွမ်းခြံတစ်ခြံလျှင် ရာသီဥတု မဖောက်ပြန်ပါက ပုံမှန်လျှင် ကွမ်းပိဿာချိန် ၅၀၀ နှင့် ၇၀၀ ကြားအထိ ထွက်ရှိကြောင်း ၎င်းက ပြောကြားသည်။