ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်ချက်များကို ထောက်ခံဂုဏ်ပြုပွဲ ဘူးသီးတောင်မြို့တွင် ပြုလုပ်

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်ချက်များကို ထောက်ခံဂုဏ်ပြုပွဲ ဘူးသီးတောင်မြို့တွင် ပြုလုပ်
Published 10 January 2018

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်ချက်များကို ထောက်ခံဂုဏ်ပြုပွဲ ဘူးသီးတောင်မြို့တွင် ဇန်နဝါရီ ၉ ရက်က ပြုလုပ်စဉ်

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်ချက်များကို ထောက်ခံဂုဏ်ပြုပွဲအား ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ဘူးသီးတောင်မြို့ NLD ပါတီရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ခံပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းက “ပြည်နယ်လွှတ်တော်မှာ စည်ပင်ဝန်ကြီးကို တစ်ဖက်သတ်မဲခွဲဆုံးဖြတ်လို့ ကျွန်တော်တို့က ထောက်ခံပွဲလုပ်တာ ဖြစ်ပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားနေတဲ့အချိန်မှာ ဥပဒေကမပြင်ဆင်ရသေးဘူး။ လွှတ်တော်က အင်အားနဲ့ လုပ်တာဆိုတာ လက်မခံလို့ ကျွန်တော်တို့က စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ထောက်ခံပွဲလုပ်ရတာ ဖြစ်ပါတယ်။ နောက် ၂၀၀၈ ဥပဒေကို ပြင်ဆင်ရမယ်။ အဲဒါကိုလည်း တောင်းဆိုတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်အား ဂုဏ်ပြုထောက်ခံပွဲသို့ ခမီး၊ ဒိုင်းနက်၊ ဗမာ၊ ရခိုင် စုစုပေါင်း အင်အား ၁၄၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား တာဝန်မကျေဟု ရခိုင်ပြည်နယ်လွှတ်တော်၌ စွပ်စွဲပြစ်တင်ထားသည့် ကိစ္စနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် စွပ်စွဲသူတို့ဘက်မှ မဲပေးနိုင်သည့် ကိုယ်စားလှယ်အရေအတွက်များသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် မရတော့သည့် အခြေအနေ ဖြစ်သွားခြင်းကြောင့် စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ ဇာတိမြို့ဖြစ်သည့် တောင်ကုတ်မြို့ခံများက ဦးမင်းအောင်သည် သူ၏နိုင်ငံရေးဖြတ်သန်းမှုသမိုင်း၌ အပွန်းအပဲ့မရှိသော နိုင်ငံရေး စာရိတ္တ၊ မာယာမများ လူလည်မကျတတ်သော ပင်ကိုစိတ်နေစိတ်ထားတို့ဖြင့် ဖြောင့်မတ်သန့်ရှင်းသော အဂတိတရား (လုံးဝ) မရှိသော နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်းနှင့် မြို့ခံများအနေဖြင့် အပြည့်အ၀ လေးစားယုံကြည်ပါကြောင်း တောင်ကုတ်မြို့ခံ ၃၀၀ ကျော်က ဇန်နဝါရီ ၂ ရက်ကလည်း လူထုထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ဝန်ကြီးရာထူးရပ်စဲရန်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က ဇန်နဝါရီ ၂ ရက်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ဝန်ကြီးရာထူးမှ ရပ်စဲသင့်၊ မသင့် ပြည်နယ်လွှတ်တော်၏ အရေးပေါ်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးက လျှို့ဝှက်မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ ဝန်ကြီးရာထူးမှ ရပ်စဲသင့်ကြောင်း ထောက်ခံမဲ ၃၇ မဲရရှိပြီး ကန့်ကွက်မဲရှစ်မဲသာ ရရှိသည့်အတွက် ဦးမင်းအောင်ကို စည်ပင်ဝန်ကြီးရာထူးမှ ရပ်စဲရန်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဦးမင်းအောင်အနေဖြင့် နိုင်ငံတော်မှ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ဟုဆိုကာ ဝန်ကြီးရာထူးမှ ရပ်စဲပေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ရခိုင်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent