မောင်တောဒေသထွက် စပါးများကို ကြိတ်ခွဲရောင်းချရန် ဧရာဝတီတိုင်းဒေသကြီးသို့ စတင်တင်ပို့

မောင်တောဒေသထွက် စပါးများကို ကြိတ်ခွဲရောင်းချရန် ဧရာဝတီတိုင်းဒေသကြီးသို့ စတင်တင်ပို့
Published 10 January 2018

မောင်တောဒေသထွက် စပါးများကို ကြိတ်ခွဲရောင်းချရန် ဧရာဝတီတိုင်းဒေသကြီးသို့ တင်ပို့ရန် ပြင်ဆင်နေစဉ်

မောင်တောဒေသထွက် စပါးများကို ကြိတ်ခွဲရောင်းချရန် ဧရာဝတီတိုင်းဒေသကြီးသို့ ဇန်နဝါရီ ၉ ရက်က တင်ပို့မှုစတင်ခဲ့ကြောင်း သိရသည်။

အဆိုပါမောင်တောဒေသထွက် စပါးများကို ကညင်ချောင်းစီးပွားရေးဇုန် ဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောဖြင့် စပါးတန်ချိန် ၃၀၀၀၀ ကို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။

မောင်တောဒေသမှ ရိတ်သိမ်းသူမဲ့ စပါးခင်းများအား အစိုးရက တာဝန်ယူရိတ်သိမ်းပြီး ထွက်ရှိလာမည့် စပါးများကို ပုဂ္ဂလိကသို့ စပါးတင်း ၁၀၀ ကို ငွေကျပ် ၃၁၀၀၀၀ နှုန်းဖြင့် ရောင်းချထားကြောင်းနှင့် အဆိုပါစပါး စုစုပေါင်း တင်း ၁၈ သိန်းအား Family Aye Chan ကုမ္ပဏီနှင့် ရခိုင်ဆန်စပါးအသင်းတို့က ဝယ်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါစပါးများအား ပုဂ္ဂလိကကုမ္ပဏီများက တစ်ဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ FOB စနစ်ဖြင့် တင်ပို့ရန် စီစဉ်ခဲ့သော်လည်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဈေးနှိမ်သဖြင့် လက်ရှိတွင် တန်ချိန် ၂၀၀၀ ဆံ့ သင်္ဘောများဖြင့် ကညင်ချောင်းစီပွားရေးဇုန် ဆိပ်ကမ်းမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲသို့ တင်ပို့ကြိတ်ခွဲကာ ထွက်ရှိလာသည့်ဆန်ကို တရုတ်နိုင်ငံသို့တင်ပို့ရန် စီစဉ်နေခြင်း ဖြစ်ကြောင်းလည်း စပါးဝယ်ယူနေသည့် Family Aye Chan ကုမ္ပဏီမှ သိရသည်။

“ကျွန်တော်တို့ကတော့ ပထမ စပါးကိုဝယ်တယ်။ ပြီးရင် ဘင်္ဂလားကို ပို့မယ်ပေါ့။ ဒါပေမဲ့ စပါးဝယ်ယူတဲ့အခါမှ စစ်တွေက တစ်ဖွဲ့၊ မောင်တောတစ်ဖွဲ့ ဖြစ်သွားတော့ ဘင်္ဂလားဒေ့ရှ်က ဈေးနှိမ်ချင်တယ်။ အဲဒီတော့ ကျွန်တော်တို့ အပေါင်းအသင်းတွေ၊ အုပ်စုတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး စက်ရုံတွေလည်းဖြစ်တဲ့ ဒေးဒရဲကို ပို့မယ်။ အဲဒီမှာ ကြိတ်ပြီးတော့မှ ဘင်္ဂလားဒေ့ရှ်ကို ဖြစ်ဖြစ်၊ တရုတ်ကိုပဲဖြစ်ဖြစ် ဆန်ကိုပို့ပါမယ်။ တရုတ်ဘက်ကို ပို့ဖို့တော့များပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း တရုတ်ကိုပို့တော့မယ့် သတင်းကိုကြားရင် သူတို့လည်း လိုက်လာလိမ့်မယ်။ ဒီလိုလေးတွေတော့ ရှိပါတယ်။ကျွန်တော်တို့ တင်း ၃၀၀၀၀ လောက် ဝယ်ယူပြီးပါပြီ။ တကယ်တမ်းမြေပြင်မှာ တင်း ၁၀၀၀၀ ဆိုတဲ့ပမာဏကို ဝယ်ယူတာ၊ စုဆောင်းတာဆိုတာ အင်မတန်ကျယ်ပြန့်တဲ့ လုပ်ငန်းပါ။ ကျွန်တော့်ကို နိုဝင်ဘာ ၁၅ ရက်က စပါး စဝယ်ဖို့ပြောတဲ့အခါမှာ ကြိမ်ချောင်းမှာ စပါး ၁၀၀၀ ကျော်ရှိတယ်။ လေးမိုင်မှာ စပါး ၁၀၀၀ ကျော်ရှိတယ်။ ကားလမ်းဘေးမှာ စပါး ၇၀၀၀ ကျော်ရှိတယ်။ စုစုပေါင်း စပါးတင်း ၉၀၀၀ ပဲရှိတယ်။ အခု ဒီဇင်ဘာ ၂၅ ရက်မှာ စပါးရောင်းတာဝယ်တာကို ရပ်ဆိုင်းထားပါတယ်။ ဧရာဝတီကိုပို့မယ့် စပါးတင်း ၃၀၀၀၀ တင်တဲ့ သင်္ဘောကတော့ ဒီကနေ့ပဲ ထွက်သွားပါပြီ” ဟု မောင်တောနယ်စပ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။ သို့ရာတွင် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ မောင်တောဒေသထွက် စပါးများကို ရောင်းချခြင်း၊ ဝယ်ယူခြင်းကို ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးအောင်မြင့်သိန်းက “ဘာကြောင့် စပါးရောင်းတာ၊ ဝယ်တာ ရပ်သွားတယ်ဆိုတာတော့ ကျွန်တော့် အထင်ကတော့ စပါးတွေကို စုဆောင်း၊ ရောင်းချတယ်။ စာရင်းဇယားပိုင်းကို ခိုင်မာအောင်နဲ့ ဝယ်ယူမှု၊ စုဆောင်းမှုကို ပိုပြီးသေချာအောင်လုပ်ဖို့အတွက် ရပ်ထားတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ တခြားသူတွေလည်း ဝယ်ယူနိုင်တယ်လို့ဆိုတာကတော့ တခြားလူတွေ ဝယ်လာရင် စပါးဈေး နည်းနည်းကောင်းလာနိုင်တယ်။ အဲဒါတော့ ကောင်းပါတယ်လို့ အပြုသဘောနဲ့ မြင်ပါတယ်။ စာချုပ်မှာတော့ ထွက်ရှိသမျှ စပါးကို ရခိုင်ဆန်စပါးအသင်းနဲ့ ကျွန်တော် မောင်တောကုန်သည်အသင်း ဥက္ကဋ္ဌ၊ မောင်တောဒေသခံတွေကို ရောင်းမယ်ဆိုပြီး စာချုပ်ချထားတာ မှန်ပါတယ်။ ဒါပေမဲ့ အစိုးရကတော့ ပိုပြီးကောင်းတဲ့ စနစ်တစ်ခုကို လုပ်မယ်လို့တော့ထင်ပါတယ်။ စာချုပ်ကိုလည်း ရခိုင်ပြည်နယ်အစိုးရက တန်ဖိုးထားဖို့ မျှော်လင့်ပါတယ်။ အခုထိတော့ မရောင်းတော့ဘူး။ အဲဒီလိုတော့ မဟုတ်ပါဘူး။ လောလောဆယ် စပါးရောင်းတာကို ရပ်ဆိုင်းထားတာပါ။ အဲဒီလောက်ပဲ ကျွန်တော်တို့ ကြားပါတယ်။ ကြားတာကတော့ ရန်ကုန်က လုပ်ငန်းရှင်တွေ လာကြမယ်ဝယ် ကြမယ်လို့ကြားပါတယ်။ ဘယ်သူပဲဝယ်ဝယ် ဒီစပါးတွေ အရောင်းအဝယ်ဖြစ်သွားရင် ပြီး ပါပြီ” ဟုပြောကြားသည်။

သတင်းထုတ်ပြန်ရေးကော်မတီ၏ နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ရိတ်သိမ်းခြွေလှေ့ပြီး ထွက်ရှိလာသော မိုးစပါးများကို ရောင်းချ၍ ရရှိလာသည့်ငွေများကို ဘဏ်တွင် အကောင့်တစ်ခု ဖွင့်လှစ်၍ နိုင်ငံတော်မှ ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ရရှိလာသည့် ငွေကြေးများကို မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပြန်လည်အသုံးချသွားမည် မဟုတ်ဘဲ နေရပ်စွန့်ခွာသူ လယ်ပိုင်ရှင်များ ပြန်လည်ရောက်ရှိလာချိန်တွင် ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း ပါရှိသည်။

မောင်တောမြို့နယ် ကျေးရွာဒေသအလိုက် နေရပ်စွန့်ခွာသူများ၏ မိုးစပါးများအချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း၍ မောင်တောဒေသအတွင်းရှိ မိုးစပါးစိုက်ပျိုးထားသည့် ဧက ၄၅၂၈၆ ဧက အတွင်းရှိ  မိုးစပါးများကို အောက်တိုဘာ ၂၈ ရက်မှစတင်၍ ရိတ်သိမ်းခြွေလှေ့စက် ၄၄ စီးဖြင့် လတ်တလောရင့်မှည့်နေသော မိုးစပါးများကို အလေအလွင့် ဖြစ်မသွားစေရန် ရိတ်သိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရိတ်သိမ်းပြီး စပါးများကို သိုလှောင်ထိန်းသိမ်းရာတွင် အခက်အခဲများရှိနေသဖြင့် ဒေသန္တရဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချပြီး စပါးရောင်းရငွေများကို ထိန်းသိမ်းထားရှိရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent