ငမိုးရိပ်ချောင်းအတွင်း အိမ်စီးကားတစ်စီး ထိုးကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသော အမျိုးသား၏ရုပ်အလောင်း ရှာဖွေတွေ့ရှိ

ငမိုးရိပ်ချောင်းအတွင်း အိမ်စီးကားတစ်စီး ထိုးကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသော အမျိုးသား၏ရုပ်အလောင်း ရှာဖွေတွေ့ရှိ
Published 10 January 2018

ဆယ်ယူရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းအား သယ်ဆောင်ရန် စီစဉ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နာ/ကူ)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၌ ဇန်နဝါရီ ၇ ရက်က ဖြစ်ပွားခဲ့သည့် ငမိုးရိပ်ချောင်းအတွင်းသို့ အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းအား ဇန်နဝါရီ ၉ ရက်က တွေ့ရှိခဲ့ကြောင်း မြောက်ဒဂုံ မီးသတ်စခန်း တာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းအား ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁၂ ခွဲတွင် တွေ့ရှိခဲ့ကြောင်း၊ တွေ့ရှိသည့် နေရာမှ မြောက်ဥက္ကလာအဝိုင်းနှင့် ကိုးဘွဲ့ရသို့ ထိုးထားသည့် ခေမာသီတံတား အနီးတွင် တွေ့ရှိခဲ့ကြောင်း၊ ရုပ်အလောင်းအား မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ အလောင်းကို ၁၂ ခွဲက တွေ့ပါတယ်။ မြောက်ဥက္ကလာဆေးရုံသို့ ပို့လိုက်ပါတယ်။ မြောက်ဥက္ကလာ အဝိုင်းနဲ့ ကိုးဘွဲ့ရနဲ့ ထိုးထားတဲ့  ခေမာသီတံတားနားမှာ တွေ့တာပါ။ အလောင်းကို ၁၂ နာရီခွဲမှာ သယ်ပြီးတော့ ၁၂ နာရီ မိနစ် ၄၀ မှာ မြောက်ဥက္ကလာ ဆေးရုံသို့ ပို့လိုက်ပါတယ်” ဟု မြောက်ဒဂုံ မီးသတ်စခန်းတာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်းက ပြောကြားသည်။

ဇန်နဝါရီ ၇ ရက် နံနက် ၄ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် (၃၃) ရပ်ကွက် ဆရာစံလမ်းအတိုင်း မောင်းနှင်လာသော ဟွန်ဒါဖစ် အမျိုးအစား ခဲရောင်ယာဉ် တစ်စီးသည် အရှိန်လွန်မောင်းနှင်ရာမှ ငါးမာန်အောင်ဘုရား လမ်းဆုံအရောက်တွင် ငမိုးရိပ်ချောင်း အတွင်းသို့ ထိုးကျနစ်မြုပ်မှု ဖြစ်ပွားပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် လိုက်ပါစီးနင်းသူ အမျိုးသားတစ်ဦးတို့ ပါရှိကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးအား ငမိုးရိပ်ချောင်းအတွင်း ငါးဖမ်းနေသည့်လှေမှ ကယ်ဆယ်ခဲ့သဖြင့် အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရပြီး အသက်ရှင် လွတ်မြောက်လာသူမှာ ယာဉ်မောင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ် အရှေ့ပိုင်း မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ တာမွေမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ Ambulance ယာဉ်တစ်စီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မီးသတ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ မီးသတ် အသက်ကယ်လှေ တစ်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ နစ်မြုပ်သွားသည့်ယာဉ်အား ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent