လက်ရှိတွင် ထီဝယ်လိုအား ပြန်လည်မြင့်တက် လာခြင်းကြောင့် ဈေးကစားမှုများ ရှိနေပြီး အက္ခရာအလုံးရေ အပြောင်းအလဲလုပ်ရန် လေးလခန့် ကြိုတင်အချိန်ယူရကြောင်း သိရ

လက်ရှိတွင် ထီဝယ်လိုအား ပြန်လည်မြင့်တက် လာခြင်းကြောင့် ဈေးကစားမှုများ ရှိနေပြီး အက္ခရာအလုံးရေ အပြောင်းအလဲလုပ်ရန် လေးလခန့် ကြိုတင်အချိန်ယူရကြောင်း သိရ
Published 10 January 2018

ဈေးကွက်အတွင်း ရောင်းချနေသည့် ထီလက်မှတ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

လက်ရှိတွင် ထီဝယ်လိုအား ပြန်လည်မြင့်တက် လာခြင်းကြောင့် ဈေးကွက်အတွင်း ဈေးကစားမှုများရှိနေပြီး ထီအက္ခရာအလုံးရေ တိုးမြှင့်ရန်အတွက် ချက်ချင်းမဖြစ်နိုင်ဘဲ လေးလခန့် ကြိုတင်အချိန်ယူရကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

“လက်ရှိမှာ ရောင်းအားပြန်ကောင်းလာတဲ့ အခြေအနေမှာ ရှိပါတယ်။ ဝယ်လိုအားတက်လာတော့ ထီဈေးမြင့်တက် ရောင်းချမှုတွေ ရှိလာတာပေါ့။ အဲဒီတော့ ထီအက္ခရာအလုံးရေ ပြန်တိုးထုတ်မလား စဉ်းစားရတယ်။ ဒါပေမဲ့ ဒီလိုမျိုး တိုးထုတ်ဖို့ ဆိုတာက လေးလလောက် ကြိုတင်အချိန်ယူ ပြင်ဆင်ရတယ်။ အခု ဝယ်လိုအား တက်နေတယ် ဆိုပေမဲ့ ပြီးရင် ပြန်ကျဦးမယ်။ အဲဒီအခါ တိုးထုတ်တဲ့ အက္ခရာတွေက ရောင်းမကုန်တာတွေ ဖြစ်ပြန်ရော။ ကျပ် ၅၀၀ တန်ထီ စဖွင့်တုန်းကလည်း ရောင်းကောင်းလို့ဆိုပြီး အက္ခရာ အလုံးရေ တိုးထုတ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ရောင်းအားပြန်ကျလို့ အက္ခရာအလုံးရေ ရှစ်လုံးအထိ ကျန်နေတာမျိုးတွေ ကြုံခဲ့ရတယ်။ ဝယ်လိုအား ကျချိန်မှာ ထီအရောင်းကိုယ်စားလှယ် အတော်များများလည်း ရပ်ဆိုင်းကုန်တယ်။ ထီဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့က လိုသလောက် ရောင်းပေးနိုင်ဖို့လိုတယ်။ အရန်ထီစနစ် ကျတော့လည်း ထီအကြိမ်ရေနဲ့ဖွင့်မယ့် ရက်စွဲမပါလို့ ထီလက်မှတ် လိမ်လည်ရောင်းချတာတွေဘာတွေ ဖြစ်ခဲ့လို့ အရမ်းကြီး အဆင်မပြေဘူး။ အစိုးရအနေနဲ့ အရှုံးခံနိုင်ရင်တော့ အက္ခရာနှစ်လုံးစာလောက်ကို အပိုထုတ်ထားမယ်ဆိုရင် ရကောင်းရနိုင်တယ်။ ဒီလဆိုရင် အက္ခရာ ၄၇ လုံးထုတ်ထားတယ်။ လက်ရှိဈေးကွက်မှာ ထီရောင်းအားက ပြန်ပြီးကောင်းမွန်နေတဲ့ အနေအထားပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မတ်လတွင် စတင်ရောင်းချစဉ်က ထီဈေးနှုန်းကစားမှုများ မဖြစ်ပေါ်စေရေးအတွက် အရန်ထီများ ထားရှိကာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ အလုံအလောက် ရောင်းချပေးသော်လည်း ကျပ်သိန်းတစ်သောင်းဆုကြောင့် စိတ်ဝင်စားမှု အလွန်မြင့်တက်ခဲ့ကာ ထိုစဉ်ကပင် ဈေးတင်ရောင်းချခြင်းများ ရှိခဲ့ကြောင်း သိရသည်။ နယ်မြို့များသာမက ရန်ကုန်မြို့၌ပင် ပင်ရင်းထီဆိုင်းများမှလွဲ၍ ကျန်အရောင်းဆိုင် အများစုမှာ သတ်မှတ်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့ခြင်းများ ရှိခဲ့သည်။

ထို့နောက် ထီရောင်းအား ပြန်လည်ကျဆင်းချိန်တွင် ပုံမှန်ဈေးနှုန်းဖြင့် အများစုမှာ ပြန်လည်ရောင်းချခဲ့ကြပြီး နယ်မြို့များတွင်မူ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ခြင်း ပိုမိုနည်းပါးကြောင်း သိရသည်။ အောင်ဘာလေ သိန်းဆုဌာနခွဲ အနေဖြင့် ဈေးနှုန်းပိုမို ရောင်းချခြင်းများအား တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ခေါ်ယူသတိပေးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အောင်ဘာလေထီ ဥပဒေကြမ်းကို တင်သွင်းထားပြီး အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက်က အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစိုးရထီရုံးမှ တာဝန်ရှိသူ သို့မဟုတ် ထီလုပ်ငန်းရှင် သို့မဟုတ် ထီရောင်းချသူ မည်သူမျှ ထီလက်မှတ်ကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန် တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ထိုထောင်ဒဏ်အပြင် ငွေဒဏ်ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိ ချမှတ်ခြင်းခံရမည်ဟု ဖော်ပြပါရှိသည်။

ကျပ် ၅၀၀ တန်ထီ စစချင်း (၁) ကြိမ်မြောက်တွင် ထီစာအုပ်ပေါင်း သုံးသန်းခန့် (ထီလက်မှတ်စောင်ရေ သိန်း ၃၀၀ ကျော်) ရောင်းချနိုင်ခဲ့ပြီး ထီရောင်းရငွေ စုစုပေါင်းမှာ ကျပ်သန်း ၁၅၀၀ (ကျပ် ၁၅ ဘီလျံ) ခန့်အထိ စံချိန်တင် ရောင်းချခဲ့ရကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလအတွင်း ကျပ် ၅၀၀ တန် အောင်ဘာလေထီ စုစုပေါင်း ရောင်းရငွေမှာ ကျပ်ဘီလျံ ၄၀ ကျော်အထိ ရှိခဲ့ပြီး စံချိန်တင် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent