၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တယ်လီကွန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက်အားကောင်းနေမည်ဟု MIC အတွင်းရေးမှူး ပြောကြား

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တယ်လီကွန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက်အားကောင်းနေမည်ဟု MIC အတွင်းရေးမှူး ပြောကြား
Published 10 January 2018

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် ဆက်သွယ်ရေးကဏ္ဍမှ အများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းတွင်လည်း တယ်လီကွန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက်အားကောင်းနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်း ရေးမှူးဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဆက်ပြီး အားကောင်းနေမှာက တယ်လီကွန်းကဏ္ဍ ဖြစ်ပါတယ်။ တယ်လီကွန်းနဲ့ ပတ်သက်ပြီး value added ပေါ့။ တယ်လီကွန်းနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ၂၀၁၈ ခုနှစ်ထဲမှာ ပိုပြီးဝင်လာနိုင်တယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း ကောင်းသည့် အလားအလာ မျှော်မှန်းချက်များရှိသကဲ့သို့ မျှော်မှန်းသကဲ့သို့ မဖြစ်နိုင်သည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။

“၂၀၁၈ ခုနှစ်မှာ ကောင်းတာတွေရှိနေသလို ကျွန်တော်တို့ မျှော်မှန်းသလို မဖြစ်တာတွေ ရှိနေပါသေးတယ်။ အဲဒါကတော့ မောင်တောဒေသမှာဖြစ်တဲ့ ဖြစ်စဉ်တွေက ကျွန်တော်တို့တိုင်းပြည်ရဲ့ ပုံရိပ်ကိုထိခိုက်မှုတွေရှိ ခဲ့တယ်။ အဲဒါနဲ့ဆက်စပ်ပြီး ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့နဲ့အီးယူနဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး စာချုပ်နဲ့ ပတ်သက်ပြီး ညှိနေတာက ပြီးသလောက် ရှိနေပြီ။ အဲဒီအချိန်မှာ ဒါကို ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အတွက် မူလကျွန်တော်တို့ မျှော်မှန်းခဲ့တာက ၂၀၁၇ မှာ ဒီစာချုပ်က ပြီးအောင်ညှိမယ်၊ လက်မှတ်ထိုးမယ်၊ ၂၀၁၈၊ ၂၀၁၉ မှာ တိုင်းပြည်ထဲမှာအီးယူ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာအောင် Promote လုပ်မယ်ဆိုပြီးတော့မှ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။ သုံးနှစ်လောက် အချိန်ယူပြင်ဆင်ခဲ့ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

သို့သော်လည်း ရပ်ဆိုင်းလိုက်တဲ့အတွက် ၂၀၁၈ခုနှစ်အတွင်း အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံှများစွာ ဝင်ရောက်လာရန် မျှော်မှန်း၍မရနိုင်ကြောင်း ၎င်းကဆိုသည်။

“အဲဒီတော့ ခြုံပြောရရင် ၂၀၁၈ သည် တိုင်းပြည်အတွက် Legal Infrastructure ပိုင်းကပြောရင် ပိုပြီးအားကောင်းတဲ့ ဥပဒေတွေ Legal Framework ဖြစ်လာတဲ့အတွက်ကြောင့် စီးပွားရေးဘက်မှာ လုပ်သာကိုင်သာ ပိုပြီးရှိလာတယ်။ အခွင့်အလမ်းတွေ ပိုပြီးများလာတယ်။ ကဏ္ဍအလိုက် လုပ်သားအင်အား အခြေပြုတဲ့လုပ်ငန်းတွေ ပိုပြီးဝင်လာမယ်” ဟု ၎င်းက သုံးသပ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်နေပြီး အထူးသဖြင့် အာဆီယံနိုင်ငံများ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ အဓိကစိတ်ဝင်စားမှု မြင့်တက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“နိုင်ငံခြားကလည်း ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နံှဖို့ စိတ်ဝင်စားမှု ရှိပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံများနဲ့ ဂျပန်၊ တရုတ် စသည်ဖြင့် အလားအလာကောင်းတွေ ရှိပါတယ်” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ တတိယပတ်အထိ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ငါးဘီလျံကျော် ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံက  အများဆုံး ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၄/ ၂၀၁၇) အရ သိရသည်။

Most Read

Most Recent