KNPP ရဲဘော်များ အသတ်ခံရမှုကို ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် လူ့ဘောင်သစ်လူငယ်မှ ကမ်ပိန်းပြုလုပ်

KNPP ရဲဘော်များ အသတ်ခံရမှုကို ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် လူ့ဘောင်သစ်လူငယ်မှ ကမ်ပိန်းပြုလုပ်
Published 9 January 2018

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ရဲဘော်များ အသတ်ခံရမှုကို ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံတွင် လူ့ဘောင်သစ်လူငယ်က ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းကို မဟာဗန္ဓုလပန်းခြံ ရှေ့တွင် လူ့ဘောင်သစ်လူငယ်မှ လူငယ်များက ချက်ချင်းလွှတ်ဆိုသည့် စာသားပါရှိသည့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်ရတာကတော့ KNPP က ရဲဘော်သုံးဦးနဲ့ အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး သတ်ခဲ့တဲ့အပေါ် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကျောင်းသားတွေကို တရားဆွဲဆိုထားတဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ကမ်ပိန်းလုပ်တာပါ။ လူ့ဘောင်သစ်လူငယ်ကနေ ဦးဆောင်လုပ်တာပါ။ ကျွန်တော်တို့ ကြေညာချက်စာရွက်ထဲမှာ သကြားလုံးထည့်ပြီးဝေဖြစ်တာပါ။ သူတို့ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ဖမ်းထားတာ တရားမျှတမှု မရှိပါဘူး။ ကျွန်တော်တို့ အခု ကမ်ပိန်းလုပ်နေတဲ့အချိန်မှာ သူတို့ကို ရုံးထုတ်နေပါပြီ။ အဲဒါကြောင့် သူတို့ကို ခြွင်းချက်မရှိ တစ်ပြိုင်တည်းလွှတ်ပေးဖို့ တောင်းဆိုတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတွေကို အကျိုးမပြုတဲ့အတွက် ဖျက်သိမ်းသင့်ပါတယ်။ အဖမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့အတူ ကျွန်တော်တို့ ရပ်တည်ပါတယ်”ဟု လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ ကိုရဲအောင်အေးက ပြောကြားသည်။

ဒီဇင်ဘာ ၂၀ ရက်က လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာနှင့် ဒေါတစ်ခြားကျေးရွာအကြား ခုနစ်မိုင်ရှိ ကင်းစခန်းတွင် စစ်ဆေးရေးနှင့် လုံခြုံရေးတာဝန်ယူနေသော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီဝင် ရဲဘော်လေးဦးနှင့် ရွာသားတစ်ဦး (ပျောက်ဆုံးနေဆဲ)တို့ အား လွိုင်ကော်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ လက်အောက်ခံတပ် ခလရ (၅၄)တပ်ဖွဲ့မှ ဖမ်းဆီးပြီး သက်ဖြတ်ခံရသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ခွန်ရဲမင်းကျော် အပါအဝင် ငါးဦးက ဒီဇင်ဘာ ၂၂ ရက်တွင် လွိုင်ကော်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် အမှုဖွင့်ခံထားရသည့် ကျောင်းသားများ၏ ပထမဆုံးရုံးချိန်းဖြစ်သည့် ဇန်နဝါရီ ၅ ရက်တွင် လူဦးရေ ၇၀၀ ကျော်ခန့် ဆန္ဒထုတ်ဖော်၍ တရားရုံးနှင့် လွိုင်ကော်အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်တွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent