မင်္ဂလာဒုံမြို့နယ် ပြည်လမ်းတွင် YBS ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်တို့တိုက်မိမှုဖြစ်ပွားပြီး ၁၈ ဦး ဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ် ပြည်လမ်းတွင် YBS ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်တို့တိုက်မိမှုဖြစ်ပွားပြီး ၁၈ ဦး ဒဏ်ရာရ
Published 9 January 2018

YBS (၉၁) ယာဉ်နှင့် Grand Starex အမျိုးအစား ကိုယ်ပိုင်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့)

မင်္ဂလာဒုံမြို့နယ် ပြည်လမ်းတွင် YBS (၉၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီးနှင့် ကိုယ်ပိုင်ယာဉ်တို့တိုက်မိမှု ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခန့်ကဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ ၁၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း ထောက်ကြန့်ဘက်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာသည့် YBS (၉၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် တစ်နံပါတ်မှတ်တိုင် အနီးအရောက် သာဓုကန်လမ်းထဲမှ ပြည်လမ်းပေါ်သို့ထွက်လာသည့် Grand Starex အမျိုးအစား ကိုယ်ပိုင်ယာဉ်နှင့် ဝင်တိုက်မိကြောင်း သိရသည်။

ထိုသို့ တိုက်မိသဖြင့် Grand Starex အမျိုးအစား ကိုယ်ပိုင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး နှင့် YBS (၉၁) ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးလေးဦး၊ အမျိုးသားကိုးဦးနှင့် ၁၀ နှစ်အရွယ် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“YBS က ပြည်လမ်းအတိုင်းမောင်းလာတာပါ။ တစ်နံပါတ်မှတ်တိုင်အနားရောက်တော့ အဲဒီနားက သာဓုကန်လမ်းထဲကနေ အိမ်စီးကားက ပြည်လမ်းမပေါ်ကို ထွက်လာတယ်လို့ သိရတယ်။ အိမ်စီးကားက ထောက်ကြန့်ဘက်ကို ချိုးမှာပေါ့။ အဲဒီမှာ ထောက်ကြန့်ဘက်ကနေမောင်းလာတဲ့ YBS နဲ့ ဝင်တိုက်မိတာ။ တိုက်မိတော့ အိမ်စီးကားပေါ်က အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦးထဲမှာ အမျိုးသမီးတစ်ဦးက ဦးခေါင်းထိခိုက်ဒဏ်ရာရတယ်။ ကျန်တဲ့သုံးဦးကတော့ ပွန်းပဲ့ဒဏ်ရာတွေနဲ့ ရင်ဘတ်အောင့် ကျောအောင့် ဒဏ်ရာ ရတယ်။ YBS ပေါ်က အားလုံးပေါင်း ၁၄ ဦး ဒဏ်ရာရတယ်။ ကျွန်တော်တို့ အခင်းဖြစ်နေရာကို ရောက်သွားတော့ အိမ်စီးကားပေါ်က လေးဦးကိုတော့ အခြားလူနာတင်ယာဉ်တစ်စီးက ဆေးရုံကိုခေါ်သွားတယ်လို့ပြောတယ်။ YBS ပေါ်က ဒဏ်ရာရတဲ့လူ ၁၄ ဦးကိုတော့ ကျွန်တော်တို့ မြောက်ဥက္ကလာဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။ အားလုံး စိုးရိမ်ရတဲ့အနေအထားတော့ မရှိပါဘူး” ဟု ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လကလည်း ပြည်လမ်းပေါ်တွင် YBS (၅၇) ယာဉ်လိုင်းနှင့် YBS (၃၇) တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၀ ဦးကျော်သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရ ရှိခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ YBS ယာဉ်လိုင်းများတွင် အဆိုးရွားဆုံးယာဉ် တိုက်မှုတစ်ခုဖြစ်ခဲ့သည်။

Most Read

Most Recent