မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး တစ်နေ့တည်း နုတ်ထွက်စာတင်ခဲ့ခြင်းနှင့် ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြောကြား

မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး တစ်နေ့တည်း နုတ်ထွက်စာတင်ခဲ့ခြင်းနှင့် ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြောကြား
Published 9 January 2018

နုတ်ထွက်စာ တင်ခဲ့ကြသည့် ဦးစိုးမြင့် (ဝဲ) နှင့် ဦးနေမျိုးကျော် (ယာ) တို့အား တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့ ဇန်နဝါရီ ၅ ရက် တစ်ရက်တည်းတွင် နုတ်ထွက်စာတင် ခဲ့ခြင်းနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အလုပ်သမားဝန်ကြီး ဦးနေမျိုးကျော်သည် ဝန်ကြီးတာဝန်သာမက၊ ပါတီဝင်အဖြစ် နှင့် လွှတ်တော်တာဝန်များမှ နုတ်ထွက်ခွင့်တင်ထားကြောင်း ဇန်နဝါရီ ၆ ရက် နံနက်က မကွေး မြို့ မြို့တော်ခန်းမတွင်ကျင်းပသည့် Pen Myanmar  ၏ ရသပြည်ထောင်စုသစ် အစီအ စဉ်တွင် အဖွင့်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“ဒီလိုပွဲမျိုးမှာ အမှာစကားပြောကြားဖို့ နောက်ထပ် ကျွန်တော် ရတော့မှာမဟုတ်ပါ ဘူး။ မကြာခင်က အစိုးရအဖွဲ့ဝန်ကြီးအဖြစ်က နုတ်ထွက်စာတင်ထားတဲ့အတွက် ဒီပွဲဟာ ကျွန်တော့်ဘဝအတွက် အများကြီးအမှတ်တရ ဖြစ်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်”ဟု ဦးနေမျိုးကျော်က အဆိုပါပွဲတွင် ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးစိုးမြင့် တာဝန်မှ နုတ်ထွက်ခွင့်တင်ထားခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဇန်နဝါရီ ၈ ရက်က The Daily Eleven သတင်းစာသို့ အတည်ပြု ပြောကြားခဲ့သည်။

“ဝန်ကြီးဦးစိုးမြင့်က ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်စာတင်ထားပါတယ်။ ဒီဖြစ်စဉ်တွေပေါ်မှာ ဘာမှတော့မပြောလိုပါဘူး။ ကြာရှည်ကြာမြဲတွဲခဲ့တဲ့သူတွေ ဒီလိုဖြစ်တယ်ဆိုတော့ နှစ်ဦးစလုံးအတွက် စိတ်မကောင်းပါဘူး” ဟု ပြောကြားသည်။

ဝန်ကြီးနှစ်ဦး နုတ်ထွက်စာတင်ခဲ့ခြင်းနှင့် ပတ်သက်၍ သီးသန့်မှတ်ချက်မပြုလိုကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Daily Eleven သတင်းစာသို့ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးစိုးမြင့်သည် လေဖြန်းမှု နှစ်ကြိမ်ခံစားထားရသောကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီး ဦးနေမျိုးကျော်သည် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက မကွေးမြို့ ပုဂ္ဂလိကဘဏ်တစ်ခု မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် လူမှုရေးကိစ္စသတင်းများ ထွက်ပေါ်ခဲ့ကြောင်း၊ ထို့နောက် NLD ပါတီမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ဦးနေမျိုးကျော်အား ပါတီလုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent