ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက မိုက်ကယ်ကျော်မြင့်အား ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့် အမှုနှစ်မှုနှင့် ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်တင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက မိုက်ကယ်ကျော်မြင့်အား ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့် အမှုနှစ်မှုနှင့် ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်တင်
Published 9 January 2018

ဇန်နဝါရီ ၈ ရက် ဒဂုံမြို့နယ်တရားရုံးတွင် မိုက်ကယ်ကျော်မြင့်အား ရုံးထုတ်လာစဉ်

မိုက်ကယ်ကျော်မြင့်အား ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည့် အမှုနှစ်မှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၈ ရက် ရုံးထုတ်တွင် အပြီးသတ် လျှောက်လဲချက် တင်ခဲ့ကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

မိုက်ကယ်ကျော်မြင့်က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလအတွင်း ၎င်း၏ Facebook စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အသရေပျက်စေရန် ရေးသားခြင်း၊ မမှန်စွပ်စွဲခြင်းများ ပြုလုပ်သည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမိုးဟိန်းက တရားလိုပြုလုပ်၍ ဒဂုံမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် ရာဇာသတ်ကြီးပုဒ်မ ၂၁၁  တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်းနဲ့ အစိုးရအဖွဲ့က ဒီလိုလုပ်ဆောင်လို့ ဒါတွေလုပ်တာပါဆိုပြီး ဖြစ်စဉ်တွေကို ဒီနေ့လျှောက်လဲချက် တင်ပါတယ်။ လာမယ့်ရုံးချိန်းကိုတော့ ဇန်နဝါရီ ၁၈ ရက်ကို ပြန်လည်ချိန်းဆို ထားပါတယ်” ဟု မိုက်ကယ်ကျော်မြင့်၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် မိုက်ကယ်ကျော်မြင့် အနေဖြင့် တာမွေမြို့နယ် တရားရုံးတွင်လည်း ပုဒ်မ ၅၀၅ (ခ) နှင့် ငြိမ်းစုစီပုဒ်မ ၁၉ တို့ဖြင့် တရားစွဲဆိုခံထားရပြီး တရားရုံးနှစ်ရုံးစလုံး၌ ရှေ့နေပါဝါ ရုပ်သိမ်းထားကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂) အကောင်အထည် ဖော်နေသည့် မြေယာကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းဆိုသူက ငွေကြေးများ လာဘ်ယူခဲ့သည် ဟုဆိုကာ ဇွန် ၂ ရက်က တာမွေမြို့နယ် ကျိုက္ကစံကွင်း အတွင်းရှိ ဟစ်တိုင်အနီးတွင် မိုက်ကယ်ကျော်မြင့်က သတင်းစာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော အကြောင်းအရာများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အများပြည်သူ၏ အကြည်ညိုပျက်စေရန်၊ ထိတ်လန့်ကြောက်ရွံ့စေရန် အကြံဖြင့် မမှန်မကန် ကောလာဟလ ဖြန့်ဝေပြီး ပြည်သူလူထုမှ အစိုးရအဖွဲ့အပေါ် ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကို မဟုတ်မမှန် လုပ်ကြံကောလာဟလ ဖြန့်ဝေသည် ဟုဆိုကာ မိုက်ကယ်ကျော်မြင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း၏ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်ပြီး တာမွေမြို့နယ် တရားသူကြီးက ရာကြီးအမှတ် ၇၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် လက်ခံခဲ့ကာ မိုက်ကယ်ကျော်မြင့်အား ခံဝန်မဲ့ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သဖြင့် မိုက်ကယ်ကျော်မြင့်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent