မြန်မာ့ရေအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် အကဲဖြတ်ဆန်းစစ်မှု (SEA) သည် မြစ်ဆုံစီမံကိန်းနှင့် အခြားစီမံကိန်းများကို ပံ့ပိုးခြင်း မဟုတ်ဘဲ အဓိက မြစ်ကြီးများအပေါ် ကာကွယ် စောင့်ရှောက်မှုကို မြှင့်တင်ခြင်းသာဖြစ်ကြောင်း IFC ဖြေရှင်း

မြန်မာ့ရေအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် အကဲဖြတ်ဆန်းစစ်မှု (SEA) သည် မြစ်ဆုံစီမံကိန်းနှင့် အခြားစီမံကိန်းများကို ပံ့ပိုးခြင်း မဟုတ်ဘဲ အဓိက မြစ်ကြီးများအပေါ် ကာကွယ် စောင့်ရှောက်မှုကို မြှင့်တင်ခြင်းသာဖြစ်ကြောင်း IFC ဖြေရှင်း
Published 9 January 2018

မြန်မာ့ရေအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် အကဲဖြတ်ဆန်းစစ်မှု (SEA) သည် မြစ်ဆုံစီမံကိန်းနှင့် အခြားသော စီမံကိန်းများကို ပံ့ပိုးခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများအပေါ် ကာကွယ်စောင့်ရှောက်မှုကို မြှင့်တင်ခြင်းသာ ဖြစ်ကြောင်း IFC က ဇန်နဝါရီ ၈ ရက်တွင် ဖြေရှင်းချက် ထုတ်ပြန်လိုက်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် IFC က မြစ်ကြီးနားမြို့ Plan Spring ဟိုတယ်၌ SEA ဖွံ့ဖြိုးရေးအတွက် အထက်ဧရာဝတီ မြစ်ဝှမ်းဒေသ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေမှုအပေါ် မြစ်ဆုံဒေသခံများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး လှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခဲ့မှုအပေါ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

IFC ထုတ်ပြန်ချက်အရ မြန်မာ့ရေအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက်  ပတ်ဝန်းကျင် အကဲဖြတ် ဆန်းစစ်မှု (SEA) သည် မြန်မာနိုင်ငံတွင် မြစ်ဆုံစီမံကိန်း သို့မဟုတ် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်မှုကို ပံ့ပိုးကူညီခြင်း မဟုတ်ဘဲ SEA သည် မြစ်ဝှမ်းနှင့် မြစ်ဝှမ်းငယ်များအပေါ် အလေးပေး လေ့လာကာ ဧရာဝတီမြစ် အပါအဝင် မြန်မာနိုင်ငံ၏ အရေးပါသည့် မြစ်ကြီးများကို ကာကွယ်စောင့်ရှောက်ရန် အကြံပြုပေးခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုအရ SEA သည် ရေအားလျှပ်စစ်ကဏ္ဍမှ ဆုံးဖြတ်ချက် ချမှတ်သူများ အနေဖြင့် အနာဂတ်တွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆုံးရှုံးနိုင်ခြေများအား သဘောပေါက် နားလည်စေရန်နှင့် ပိုမိုကောင်းမွန်သည့် စီမံကိန်းရေးဆွဲမှု၊ ရေရှည်တည်တံ့မှုကို တိုးမြှင့်ဆောင်ရွက်နိုင်စေရန် အလို့ငှာ ပံ့ပိုးထောက်ကူပေးရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း IFC က ဖြေရှင်းသည်။

SEA သည် မြန်မာနိုင်ငံရှိ မြစ်ဝှမ်းများအားလုံး၏ ပတ်ဝန်းကျင်နှင့် လူမှုတန်ဖိုးများကို ထည့်သွင်းစဉ်းစားထားပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် မြစ်ဆုံစီမံကိန်းကြောင့် နေထိုင်သည့်နေရာများမှ ဖယ်ရှားပေးခဲ့ရသူများသည် SEA အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါစီမံကိန်း ရှေ့ဆက်လုပ်ဆောင်မည်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။ အချို့ကလည်း SEA သည် အဆိုပါ စီမံကိန်းနှင့် သက်ဆိုင်မှုရှိသည်ဟု ယုံကြည်နေသော်လည်း ထိုသို့မဟုတ်ကြောင်း IFC က ဖြေရှင်းသည်။

မြစ်ဆုံဆည်သည် ဧရာဝတီမြစ်၏ အဓိက အရေးပါသည့် နေရာတွင် တည်ရှိသောကြောင့် အဆိုပါစီမံကိန်းကို ဆက်လက် လုပ်ဆောင်မည် ဆိုပါက ဆိုးရွားသည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ သက်ရောက်မှုများ ရှိနိုင်ကြောင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် IFC က ရှင်းပြခဲ့သည်။ ထို့ပြင် SEA သည် အခြားမည်သည့် စီမံကိန်းနှင့်မျှ ဆက်စပ်မှု မရှိသကဲ့သို့ မည်သည့်စီမံကိန်းကိုမှ ရှေ့ဆက် လုပ်ဆောင်နိုင်သည်ဟု အကြံပြုထားခြင်း မရှိဟု သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကချင်အရပ်ဘက် လူမှုကွန်ရက် (Kachin Civil Society Network) အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့ကို ဖိတ်ကြားခဲ့ပြီး ၁၀ ဖွဲ့ တက်ရောက်ခဲ့သည်။ ထို့ပြင် ကချင်နိုင်ငံရေး ပါတီများက ကြေညာချက် ထုတ်ပြန်ကာ သတင်းထုတ်ပြန်ချက် ဖြန့်ဝေခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း SEA နှင့် စပ်လျဉ်းသည့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစည်းအဝေး ၅၀ ကျော်ကို ကျင်းပခဲ့ပြီး SEA သည် သက်ဆိုင်သူများ၏ အကြံပြုချက်များနှင့် ထင်မြင်ချက်များကို တတ်နိုင်သမျှ များများရရှိစေရန် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် လေ့လာမှုကို မြစ်-မြစ်ဝှမ်းဒေသများတွင် ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးရာ စိုးရိမ်ပူပန်မှုများကို ခြုံငုံဖော်ပြရန် ရည်ရွယ်ကြောင်း IFC က ဖြေရှင်းသည်။

ထို့ပြင် SEA သည် ဒေသခံ ပြည်သူများနှင့် ပိုမိုဆွေးနွေး ညှိနှိုင်းဖော်ဆောင်မှု လိုအပ်သည့် ဒေသတစ်ခုချင်းစီ၏ စီမံကိန်းအဆင့် လေ့လာမှု မဟုတ်ကြောင်းနှင့် အဆိုပါ စီမံကိန်းအဆင့် လေ့လာမှုများကို အစားထိုးရန် မဟုတ်ကြောင်း ရှင်းလင်းထားပြီး SEA သည် မြန်မာနိုင်ငံရှိ မြစ်ဝှမ်းများ၏ ပတ်ဝန်းကျင်နှင့် လူမှုတန်ဖိုးများကို နားလည်ခြင်းမှတစ်ဆင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း IFC က ဖြေရှင်းသည်။

Most Read

Most Recent