<

ဝိုင်းမော်မြို့တွင် တရုတ်နိုင်ငံသို့ ခိုးထုတ်မည့် မီးသွေးအိတ်ထောင်ချီ ဖမ်းဆီးမှုမှာ မရေတွက်နိုင်သေးဘဲ အစိုးရ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မည်

ဝိုင်းမော်မြို့၌ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသို့ ခိုးထုတ်မည့် မီးသွေးအိတ်များကို တင်ဆောင်လာသည့် ယာဉ်အား တွေ့ရစဉ်

ဝိုင်းမော်မြို့တွင် တရုတ်နိုင်ငံသို့ ခိုးထုတ်မည့် မီးသွေးအိတ်ထောင်ချီ ဖမ်းဆီးမှုမှာ မရေတွက်နိုင်သေးဘဲ အစိုးရ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာနက ပြောကြားသည်။

ယင်းမီးသွေးအိတ်များကို ၀ိုင်းမော်မြို့ သာယာအေးရပ်ကွက်၊ အင်းလေးကျေးရွာနှင့် ဟိုတုံရပ်ကွက်တို့တွင် ၀ိုင်းမော်မြို့နယ် ပြည်သူ့စစ်အဖွဲ့နှင့်အတူ မြစ်ကြီးနားခရိုင် သစ်တောဦးစီးမှူးအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းနိုင်က “ဖမ်းမိတဲ့ မီးသွေးအိတ်တွေက ထောင်ချီမယ်။ မရေတွက်ရသေးဘူး။ ထားဖို့နေရာ အခက်အခဲ ဖြစ်နေတယ်။ ပြည်သူ့စစ်အဖွဲ့တွေက ဦးဆောင်ပြီး ဖမ်းတာပါ။ ၀ိုင်းမော်သာယာအေးမှာ ကားတစ်စီး အထောက်အထား မရှိဘူး။ အင်းလေးရွာဘက်မှာ သုံးစီး၊ တချို့မီးသွေးပါမစ်တွေ ပါတာရှိတယ်။ ခွဲခြားပြီး ၀ိုင်းမော်မြို့နယ် သစ်တောဌာနကို စစ်ဆေးခိုင်းထားတယ်။ ဒါတွေ ရေတွက်ပြီးရင်တော့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားသည်။

ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက “အိတ်တွေကို မနက်ဖြန် ၀ိုင်းမော်မြို့၊ ဟိုတုံရပ်ကွက်က ဘုန်းကြီးကျောင်းမှာ ရေတွက်မယ်။ ကျွန်တော်တို့ ပြည်သူ့စစ် အဖွဲ့တွေ ဖမ်းကြတာ။ ကားတွေရော၊ မီးသွေးတွေရော အကုန်ဖမ်းထားတာ။ ဒါတောင်မှ တချို့မီးသွေးပဲ ထားခဲ့ပြီး ကားတွေက ထွက်ပြေးသွားတာ ရှိသေးတယ်။ သတင်းပေါက်တာပေါ့။ ခိုးထုတ်နေတာ လချီနေပြီ။ ၀ိုင်းမော်မြို့ထဲကို ဖြတ်နေကြတာ ကြာပြီကော။ တရုတ် ငှက်ပျောခင်းတွေဘက်မှာ မီးသွေးထားပြီး ထွက်ပြေးသွားတာတောင်ရှိတယ်။ အစိုးရဘက်က ဘာတွေစစ်ဆေးဦးမလဲ မသိဘူး။ တရုတ်ဘက်သွားမယ့် မီးသွေးအိတ်တွေပါ။ အများကြီး တောင်လိုပုံသွားတာ” ဟု ပြောကြားသည်။

တရုတ်နိုင်ငံမှ ကုန်သည်များက မြန်မာနိုင်ငံထွက် မီးသွေးများကို လွန်ခဲ့သော အောက်တိုဘာ လကုန်ပိုင်း ကတည်းက အများအပြား စတင်ဝယ်ယူနေခြင်း ဖြစ်ကြောင်း မီးသွေးလုပ်ငန်းနှင့် ဆက်စပ်သူများက ပြောကြားသည်။

ယင်းမီးသွေးများသည် မြစ်ကြီးနားမြို့ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ထီးချိုင့်ဘက်မှ ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်ကာ လွန်ခဲ့သည့် လပိုင်းက တာလောကြီး ဆိပ်ကမ်းတွင် အတင်အချ ပြုလုပ်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် တာလောကြီးကျေးရွာ အထက်ပိုင်းရှိ ဦးလောက်ကျေးရွာ ဆိပ်ကမ်းတွင် အတင်အချ ပြုနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မီးသွေးများကို တရုတ်နိုင်ငံမှ တရားမ၀င် အမြောက်အမြား ၀ယ်ယူနေခြင်းကြောင့် မီးသွေးဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက် မီးသွေးများကို နှစ်စဉ်ပွင့်လင်းရာသီတိုင်း ဈေးကောင်းပေး ၀ယ်မှုများရှိခဲ့ပြီး ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းကုန်ကြမ်းအဖြစ် လည်းကောင်း၊ မြေဆီသြဇာများ ပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုကြသည်ဟု သိရသည်။

ကချင်ပြည်နယ် နယ်စပ်ဂိတ်မှ တစ်ရက်လျှင် တန် ၁၀၀ နီးပါး တင်ပို့နေမှုကို ၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက်က ကချင်ပြည်နယ် လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှုများ ရှိခဲ့ပြီး သစ်သားမီးသွေးကို ပြည်ပသို့ တရားဝင်တင်ပို့ ရောင်းဝယ်ခွင့် ရှိ၊ မရှိ ကို ဗန်းမော်မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရှိန်က မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့နေသည့် မီးသွေးများမှာ ဗန်းမော်-မန္တလေး ကားလမ်းမှ လည်းကောင်း၊ ဗန်းမော်-မန္တလေး ရေလမ်းကြောင်းမှ လည်းကောင်း လမ်းနှစ်သွယ်ဖြင့် ၀င်ရောက်လာပြီး ဗန်းမော်မှတစ်ဆင့် ကားဖြင့် လွယ်ဂျယ်ဂိတ်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့နေသည်မှာ နှစ်ဆယ်ချီကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ဧရာဝတီ မြစ်ကြောင်းနှင့် မန္တလေးကားလမ်းကြောမှ သယ်ယူပို့ဆောင် နေရသည်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်နှင့် တပ်မတော်တို့ ထိတွေ့မှု ဖြစ်လာသည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင်သာ ဖြစ်ကြောင်း သိရသည်။

 

January 8, 2018














Copy Protected by Chetan's WP-Copyprotect.