<

မောင်တောတောင်ပိုင်းသို့ အခြားမြို့နယ်များမှ လာရောက်နေထိုင်မည့်သူများအား အစိုးရအနေဖြင့် တတ်နိုင်သည့်အကူအညီများ အပြည့်အ၀ပေးမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောကြား

ကိုးတန်ကောက်ကျေးရွာမှ ယာယီနေအိမ်များအား တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် တောင်ပိုင်းဒေသများသို့ အခြားမြို့နယ်များမှ လာရောက်နေထိုင်မည့်သူများအား အစိုးရအနေဖြင့် တတ်နိုင်သည့်အကူအညီများ အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

“ကျွန်တော်သိထားသလောက်ကတော့ အင်းဒင်ဘက်မှာ အခြေချဖို့ရောက်ရှိနေသူတွေရှိတယ်လို့ သိရတယ်။ တကယ်လို့သာ အဲဒီလို ရောက်ရှိအခြေချနေထိုင်သူတွေ ရှိလာမယ်၊ အစိုးရအဖွဲ့ကို တရားဝင်တင်ပြလာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့အစိုးရအဖွဲ့က တတ်နိုင်တဲ့အကူအညီကို အပြည့်အ၀ ပေးသွားမှာဖြစ်ပါတယ်”ဟု ၀န်ကြီး ဦးကျော်လွင်က ပြောကြားသည်။

မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင် ကျေးရွာအနီးတွင် တိုင်းရင်းသားကျေးရွာတစ်ရွာကို ထူထောင်ရန်ပြင်ဆင်လျက်ရှိရာ ယင်းဒေသသို့ ရောက်ရှိလာသူများအား အကူအညီများ ပေးလျက်ရှိပြီး ရမ္မာဝတီအမည်ရှိ ကျေးရွာတစ်ခုကိုထူထောင်ရန်အတွက်လည်း လာ ရောက်နေထိုင်မည့် လူဦးရေစာရင်းကို အစိုးရထံသို့တင်ပြထားခြင်းများ ရှိကြောင်းလည်း သိရှိရသည်။

အလားတူ ကိုးတန်ကောက်ကျေးရွာနီးသို့ ရေလုပ်ငန်းလုပ်ကိုင်ရန်ရောက်ရှိလာသူများကိုလည်း CRR မှ ယာယီနေအိမ်ငယ်များ ဆောက်လုပ်ပေးထားသည့်အပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက်လည်း လှေများ စီစဉ်ပေးထားကြောင်း သိရှိရသည်။

အဆိုပါ မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာများသို့ လာရောက်အခြေချလျက်ရှိသည့် အခြားမြို့နယ်မှ တိုင်းရင်းသားများအား ဇန်န၀ါရီ ၈ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဦးညီပုနှင့် ၀န်ကြီးများက သွား ရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

January 8, 2018














Copy Protected by Chetan's WP-Copyprotect.