<

အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်း အတွင်းရှိ ဆားလယ်များ သုံးကြိမ်တိုင်တိုင် ပျက်စီးခဲ့ရပြီး ယနေ့အချိန်အထိ ဆားကြမ်းများ မထွက်ရှိသေးကြောင်း သိရ

လပွတ္တာမြို့နယ်မှ ဆားလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်

အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားလယ်များမှာ မိုးရေများ ၀င်ရောက်၍ ပျက်စီးခဲ့ရပြီး ယနေ့အချိန်အထိ ဆားကြမ်းများ မထွက်ရှိသေးဘဲ ထပ်မံမိုးရွာသွန်းမှုများ ဖြစ်ပေါ်လာပါက ယခုနှစ်တွင် ဆားကြမ်း လုံးဝမထွက်ရှိသည့် နှစ်တစ်နှစ် ဖြစ်လာမည် ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များထံမှ သတင်း ရရှိသည်။

ဆားရာသီ စတင်ချိန်မှ စတင်ကာလစဉ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသောကြောင့် ဆားလယ်များအတွင်း မိုးရေများ ၀င်ရောက်ကာ ဆားရေများ ပျက်စီးခဲ့ရကြောင်း၊ မိုးရွာသွန်းမှု ရပ်တန့်ချိန်တွင် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေလျက် ရှိသော်လည်း နေလှမ်းဆားကြမ်း ထုတ်လုပ်ခါနီးချိန်တွင် မိုးထပ်မံရွာသွန်းမှုများ ဆက်တိုက် ကြုံတွေ့နေရကြောင်း၊ ဆားရာသီ စတင်ချိန်မှာ သုံးလကျော်ကြာမြင့်လာပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ မည်သည့်ဆားကြမ်းမျှ သိမ်းဆည်းနိုင်ခြင်း မရှိသေးကြောင်း၊ ဆားတောင်သူများ အနေဖြင့်လည်း ဆားလယ်များ အကြိမ်ကြိမ် ပျက်စီးမှုများကြောင့် ရင်းနှီးမတည်ငွေများ ဆုံးရှုံးခြင်း ကြွေးမှီတင်ခြင်းများပါ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခုထိကို ဆားကမထွက်ဘူး၊ ပျက်တာ သုံးကြိမ်ရှိပြီ။ ပျက်လိုက် ပြန်လုပ်လိုက်နဲ့ အရင်းကတော်တော် ကြီးသွားပြီ။ လုပ်ငန်းလုံးဝရပ်လိုက်တဲ့ တောင်သူရယ်တော့ မရှိသေးဘူး။ ရာသီချိန်က နည်းနည်း ကျန်နေသေးတော့ ဆက်လုပ်နေကြသေးတယ်။ ဆားကြမ်းဈေးက အခုဆို တစ်ပိဿာကို ၁၆၅ ကျပ် ဈေးရှိတယ်။ ဆားသန့်ရင် တစ်ပိဿာကို ၁၈၀ အထိရှိတယ်။ ဒါကလည်း ဆားကြမ်းမရှိတော့လို့ ဈေးရှိနေတာ။ အခုထိ ဘယ်တောင်သူမှ ဆားကျုံးလို့ရပြီဆိုတဲ့ တောင်သူမှမရှိဘူး” ဟု လပွတ္တာမြို့နယ်မှ ဆားတောင်သူ ဦးသိန်းဇော်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားတောင်သူများမှာ နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်းမှစတင်ကာ နှစ်စဉ် ဆားကြမ်းဈေးနှုန်းများ ကျဆင်းခဲ့ရမှုကြောင့် ဆားလုပ်ငန်း လုပ်ကိုင်လိုသည့် တောင်သူဟူ၍ နှစ်စဉ် နည်းပါးလာခဲ့ပြီး ၂၀၀၈-၂၀၀၉ ဆားရာသီတွင် ဆားတောင်သူ ၈၀၃၊ ဆားလယ် ၃၀၃၇၇ ဧက ရှိခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဆားရာသီတွင် ဆားတောင်သူ ၃၉၁ ဦးသာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ခဲ့ပြီး ဆားလယ် ၁၅၅၈၇ ဧကသာ ကျန်ရှိတော့ကြောင်း သိရသည်။

January 8, 2018














Copy Protected by Chetan's WP-Copyprotect.