ဆန်ဈေးကွက် ပျက်စီးသွားနိုင်သဖြင့် ဆန်ကုန်သည်များ၏လက်ဝယ်၌ တင်ပို့မည့် ဆန်ပမာဏ ထက်ဝက်ခန့်မရှိဘဲ ပြည်ပသို့ ဆန်ကြိုတင်ရောင်းချခြင်း မလုပ်ဆောင်ရန် သတိပေး

ဆန်ဈေးကွက် ပျက်စီးသွားနိုင်သဖြင့် ဆန်ကုန်သည်များ၏လက်ဝယ်၌ တင်ပို့မည့် ဆန်ပမာဏ ထက်ဝက်ခန့်မရှိဘဲ ပြည်ပသို့ ဆန်ကြိုတင်ရောင်းချခြင်း မလုပ်ဆောင်ရန် သတိပေး
Published 9 January 2018

ယခု ဇန်နဝါရီလဆန်းပိုင်းက ဘုရင့်နောင်ပွဲရုံအတွင်း ဆန်အရောင်းအဝယ် ပြုနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)

ဆန်ဈေးကွက် ပျက်စီးသွားနိုင်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် မိမိလက်ဝယ်၌ တင်ပို့မည့် ဆန်ပမာဏ၏ ထက်ဝက်ခန့်မရှိဘဲ ပြည်ပ သို့ ဆန်တင်ပို့လုပ်ငန်းများ မလုပ်ဆောင်ရန် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက သတိပေးပြောကြားသည်။

“အခု တော်တော်များ Exporter မဟုတ်တဲ့ ကုမ္ပဏီတွေဝင်လာတယ်။ ဆန် လက်ဝယ်မရှိဘူး။ သင်္ဘောရောက်မှ ဆန်ဝယ်တယ်။ ၁၀ တန်ကို ၁၂ ကျပ်ဆိုလည်း ဝယ်ရတော့မယ်။ ၁၃ ကျပ်ဆိုလည်း ဝယ်ရတော့မယ်။ ဒါကြောင့်မို့ ဒီလိုဖြစ်စဉ်မျိုး

မဖြစ်အောင် မိမိရဲ့ကုမ္ပဏီမှာ ဆန်လက်ဝယ် ရှိပြီးမှ ပြည်ပတင်ပို့တဲ့ လုပ်ငန်းတွေကို ဆန် စုဆောင်းပြီးမှ လုပ်သင့်တယ်ဆိုတာ ကျွန်တော် အကြံပြုလိုပါတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

မိမိလက်ဝယ်တွင် ဆန်ရောင်းရန် မရှိသေးဘဲ ပြည်ပသို့ ကြိုတင်ရောင်းချခြင်းကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် A.S.O Col.,Ltd မှ ဆန်ဈေးကွက်အတွင်း ကျပ် ငါးဘီလျံကျော် လိမ်လည်သွားသည့် ကိစ္စရပ်တစ်ခု ဇန်နဝါရီ ၅ ရက်က ဖြစ်ပေါ်ခဲ့သည်။

ပြည်ပဆန်တင်ပို့မှုနှင့် ပြည်တွင်းဆန် အရောင်းအဝယ်အားကောင်းနေချိန်၌ ပြည်တွင်းဆန်ဈေးကွက်အတွင်း ကျပ်သိန်းနှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းတစ်ခု  ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပေါ်ခဲ့ပြီး လက်ရှိဖြစ်ပွားမှုမှာ လေးလအတွင်း နှစ်ကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

ယခုကဲ့သို့ ဖြစ်ပွားရခြင်းက Exporter မဟုတ်သည့် ကုမ္ပဏီများမှ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့်ဖြစ်ပြီး အမှန်တကယ် အတွေ့အကြုံရှိသည့် Exporter များမှာမူ မိမိလက်ဝယ်တွင် တင်ပို့ရန် ဆန်များရရှိထားမှသာ ပြည်ပသို့ တင်ပို့ခြင်းကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“သင်္ဘောရောက်တို့မှ ဝယ်တဲ့အခါမှာ မလိုလားအပ်တဲ့ ဈေးနှုန်းတွေပေးပြီး  ဝယ်ရတယ်။ ဒါကြောင့်မို့ ဒီလိုဖြစ်စဉ်တွေဖြစ်ပါတယ်။ အတွေ့အကြုံ ရှိတဲ့လူတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ဆန်မိမိလက်ဝယ်မှာ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း ပိုင်ပြီဆိုမှ လက် ဝယ်ရှိပြီးတော့မှ ဆန်ရောင်းကျတာ” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းကျော် တင်ပို့ထားပြီး နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားထားပြီး လက်ရှိအချိန်အထိ တန်ချိန် ၂ ဒသမ ၂ သန်းကျော်အထိ တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

Most Read

Most Recent