တိုင်းရင်းသား ဘာသာစကားဖြင့် သင်ကြားပေးနိုင်ရန် အခြေခံပညာ ကျောင်းများတွင် နေ့စားလပေး ဆရာ၊ ဆရာမ ၅၀၀၀ ကျော် ခန့်အပ်

တိုင်းရင်းသား ဘာသာစကားဖြင့် သင်ကြားပေးနိုင်ရန် အခြေခံပညာ ကျောင်းများတွင် နေ့စားလပေး ဆရာ၊ ဆရာမ ၅၀၀၀ ကျော် ခန့်အပ်
Published 9 January 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ တိုင်းရင်းသားဘာသာ စကားဖြင့် သင်ကြားပေးနိုင်ရန် အခြေခံပညာ ကျောင်းများတွင် နေ့စားလပေး ဆရာ၊ ဆရာမ ၅၀၀၀ ကျော်အား ပညာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ခန့်အပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ကလေးငယ်များ သင်ကြားသင်ယူမှု အဆင်ပြေစေရေးနှင့် သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားလာစေရေးတို့အတွက် တိုင်းရင်းသားဘာသာစကားဖြင့် လိုအပ်သည်များကို ကူညီရှင်းပြ သင်ကြားပေးရန် နေ့စားလပေး ၅၁၆၁ ဦးကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

“နေ့စားလပေး ခန့်အပ်တဲ့ ငါးထောင်ကျော်ထဲမှာ ဘွဲ့ရ၊ ဘွဲ့ကြို၊ ဒသမတန်း၊ နဝမ တန်းတွေပါ, ပါတယ်။ အဲဒီအထဲမှာမှ ဘွဲ့ရ ၇၅၀ ဦးပါပါတယ်။ ဘွဲ့ရတွေကိုတော့ ဆရာအတတ်ပညာ သင်တန်းကို ဆက်လက် တက်ရောက်စေပြီးတော့ မူလတန်းပြ ဆရာ၊ ဆရာမတွေအဖြစ် ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပါတယ်” ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တိုင်းရင်းသားဒေသ အတွင်းရှိ အစိုးရ စာသင်ကျောင်းများတွင် တိုင်းရင်းသား ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားစေရန်အတွက် လက်ရှိ တိုင်းရင်းသားစာပေ သင်ကြားနေသည့် ဆရာ၊ ဆရာမများကို ပညာရေး ဝန်ကြီးဌာန၏ နေ့စားလပေး ဝန်ထမ်းများအဖြစ် ခန့်အပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“အခြေခံပညာကျောင်းတွေမှာ အခုလိုမျိုး ခန့်အပ်လိုက်တဲ့အတွက် တိုင်းရင်းသား ကလေးငယ်တွေရဲ့ သင်ကြားသင်ယူမှုတွေ အတွက် အရမ်းအဆင်ပြေသွားမှာ ဖြစ်ပါတယ်။ သင့်လျော်ပြီး ဖြစ်သင့်တဲ့ကိစ္စပါ။ တိုင်းရင်းသားဒေသမှာ မူလတန်းကလေးတွေကို သူတို့ဘာသာစကားနဲ့ သင်ခွင့်ရတော့ သင်ကြားသင်ယူမှု ပိုမိုထိရောက် အောင်မြင်တာပေါ့။ တချို့အရာတွေက သူတို့ဘာသာစကားနဲ့ မဟုတ်ရင် နားလည်အောင်ရှင်းပြဖို့ ခက်တာတွေ ရှိတတ်ပါတယ်။ အဲဒီလိုတွေအတွက် အဆင်ပြေ ထိရောက်သွားတာပေါ့” ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဦးတင့်ထွန်းနိုင်က ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ နေ့စားလပေး ဆရာ၊ ဆရာမများ ခန့်အပ်ရာတွင် ကချင်ပြည်နယ်၌ ၁၈၁ ဦး၊ ကယားပြည်နယ်၌ ၅၈ ဦး၊ ကရင်ပြည်နယ်၌ ၅၄၅ ဦး၊ ချင်းပြည်နယ်၌ ၄၉၉ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ ၂၀၄ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး၌ ၁၄၈ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၃၆၈ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၃၃၄ ဦး၊မန္တလေးတိုင်း ဒေသကြီး၌ ၈၄ ဦး၊ မွန်ပြည်နယ်၌ ၄၆၃ ဦး၊ ရခိုင်ပြည်နယ်၌ ၁၅၀ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး၌ ၁၇၈ ဦး၊ ရှမ်းပြည်နယ်၌ ၆၇၅ ဦး၊ ဧရာဝတီတိုင်း ဒေသကြီး၌ ၁၂၆၇ ဦးနှင့် နေပြည်တော်၌ ခုနစ်ဦး တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေ့စားလပေးအဖြစ် ခန့်အပ်သူများအနက် ဘွဲ့ရရှိသူများကို ဆရာအတတ်ပညာ သင်တန်းများသို့ တက်ရောက် သင်ကြားခွင့် ပြုမည်ဖြစ်ပြီး မူလတန်းပြ ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent