လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်းတွင် ဥပဒေနှင့်သွေဖည်၍ မလျော်မကန် လုပ်ကိုင်မှုကြောင့် ဝန်ထမ်း ၈၆ ဦးအား အရေးယူပြီးဖြစ်သော်လည်း ၈၆ ဦးထက်မက တစ်နိုင်ငံလုံး၌ များစွာရှိနေနိုင်ကြောင်းနှင့် လွဲချော်နေမှုများကိုဖော်ထုတ်ပြီး အရေးယူရန် လွှတ်တော်အနေဖြင့်အသိပေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်းတွင် ဥပဒေနှင့်သွေဖည်၍ မလျော်မကန် လုပ်ကိုင်မှုကြောင့် ဝန်ထမ်း ၈၆ ဦးအား အရေးယူပြီးဖြစ်သော်လည်း ၈၆ ဦးထက်မက တစ်နိုင်ငံလုံး၌ များစွာရှိနေနိုင်ကြောင်းနှင့် လွဲချော်နေမှုများကိုဖော်ထုတ်ပြီး အရေးယူရန် လွှတ်တော်အနေဖြင့်အသိပေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 10 August 2017

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) ထုတ်ပေးခြင်း၌ ဥပဒေနှင့်သွေဖည်၍ မလျော်မကန် လုပ်ကိုင်မှုကြောင့် ဝန်ထမ်း ၈၆ ဦးကို အရေးယူခဲ့ပြီး ဖြစ်သော်လည်း ၈၆ ဦးထက်မက တစ်နိုင်ငံလုံးတွင် များစွာရှိနေနိုင်ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် လွဲချော်နေမှုများကို ဖော်ထုတ်ကာ အရေးယူဆောင်ရွက်ရန် လွှတ်တော်အနေဖြင့် အသိပေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရွှေကျင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၏ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်းနှင့် ပတ်သက်သည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားမှုအပြီးတွင် ဦးဝင်းမြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူများအနေဖြင့် ဥပဒေနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိစေရန် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တင်ပြခဲ့သည့်အတိုင်း အောက်ခြေ၌ စီမံခန့်ခွဲမှု အလွဲအချော်များရှိနေကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်းအပေါ် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ လုပ်ဆောင်နေသည့် ဝန်ထမ်းများကို တိုင်ကြားလာမှုများများစွာ စိစစ်တွေ့ရှိခဲ့ရကြောင်း ဒုတိယဝန်ကြီးဦးလှကျော်က လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၏ မေးခွန်းကို ရှင်းလင်းပြောကြားသည်။

“ဥပဒေကြောင်းအရ သွေဖည်ပြီး မလျော်မကန် လုပ်ကိုင်မှုကြောင့် အရာထမ်းငါးဦး၊ အမှုထမ်း ၈၁ ဦး စုစုပေါင်း ၈၆ ဦးကို အပြစ်ပေး အရေးယူခဲ့ရပါတယ်။ လုပ်ကိုင်ဆောင်ရွက်မှု အနေအထားအပေါ်မူတည်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ ပြစ်ဒဏ်တွေ ချမှတ်တဲ့အခါမှာ သတိပေးခြင်း၊ နှစ်တိုးရပ် ခြင်း၊ လစာလျှော့ပြစ်ဒဏ်၊ ရာထူးတိုးရပ်၊ ရာထူးလျှော့၊ ဌာနကထုတ်ပယ်၊ ထုတ်ပစ်ခြင်း ပြစ်ဒဏ်တွေကို စုစုပေါင်း ၈၆ ဦးကို အရေး ယူဆောင်ရွက်ခဲ့ရကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးဦးလှကျော်က ဆက်လက်ပြောကြားသည်။

ထိုသို့ ဝန်ကြီးဌာန၏ ဖြေကြားမှုအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က “မြေယာကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးဌာနက အရေးယူထားတာတွေ ပြောပါတယ်။ ၈၆ ဦး လောက်ရှိပြီပြောတယ်။ အဲဒီတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကလည်း အမှုတွဲလိုက်၊ Case တစ်ခုချင်းကိုတင်ပါ။ အခုနကလို Powepoint သုံးတုန်းကလို နယ်လေးရပ် အရှေ့၊ အနောက်၊ တောင်၊ မြောက် နယ်နိမိတ်သတ်မှတ်ချက်မရှိဘဲ ဒီလိုပုံစံထုတ်ပေးတယ်ဆိုရင် အဲဒီအထောက်အထားနဲ့ ဝန်ကြီးဌာနကိုတိုင်။ ကျွန်တော်တို့ဆီလည်း မိတ္တူပေး။ ဝန်ကြီးဌာနအနေနဲ့ကလည်း ဒါကို ၈၆ ယောက်မက တစ်နိုင်ငံလုံးမှာ များပြားစွာရှိနေနိုင်တယ်။ ရှိနေဖို့လည်းများတယ်။ ဒါ ကြောင့်မို့လို့ တိတိကျကျလေး ကိုင်တွယ်ပေးစေချင်တယ်” ဟု ပြောကြားသည်။

ထို့ပြင် ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ထိထိရောက်ရောက် လုပ်ရန်လိုကြောင်း၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို ထိထိရောက်ရောက် ကျင့်သုံးရန်လိုကြောင်း၊ ပြည်သူ့လွှတ်တော်၌ ကော်မတီများ ဖွဲ့စည်းထားခြင်းမှာ အလကားသက်သက် ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း၊ အသုံးချတတ်ရန်လိုကြောင်း မှာကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ဝန်ကြီးဌာနကိုလည်း ကျွန်တော်ပြောလိုက်ပါမယ်။ ကိုယ့်ဝန်ကြီးဌာနရဲ့ အောက်မှာရှိတဲ့ မြေစာရင်းဦးစီးဌာနကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးပါ။ နယ်လေးရပ် မပါရုံတင် မဟုတ်ဘူး။ မြေကွက်ထပ်နေတာတွေ၊ တစ်ကွက်ထဲကို အကွက်တွဲထားတာတွေရှိပါတယ်။ ဒါ အောက်ခြေမှာဖြစ်ပျက်နေတယ်။ အခုန ဝန်ကြီးဌာနပြောသွားတာကတော့ ဥပဒေ၊ နည်းဥပဒေအတိုင်း စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းအတိုင်း ပြောသွား တယ်။ မှန်တယ်။ အောက်ခြေမှာက အဲဒါတွေနဲ့ ကွဲလွဲတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက အရေးယူတာ ၈၆ ဦးရှိပြီလို့ ပြောတယ်။ ကျွန်တော့်အမြင်တော့ ဒီလိုလွဲ

ချော်နေတဲ့ဟာတွေကို ဆက်လက်ပြီးတော့ ဖော်ထုတ်ပြီးတော့ အရေးယူဖို့လည်း ဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးပါ။ ဒါ လွှတ်တော်အနေနဲ့ အသိပေးပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

Most Read

Most Recent