မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ ကွန်ဒိုမီနီယံနှင့်ပတ်သက်သည့် နည်းဥပဒေထွက်ရှိလာခြင်းတို့ကြောင့် ကာလအတန်ကြာ အေးစက်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာနိုင်ဟုဆို

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ ကွန်ဒိုမီနီယံနှင့်ပတ်သက်သည့် နည်းဥပဒေထွက်ရှိလာခြင်းတို့ကြောင့် ကာလအတန်ကြာ အေးစက်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာနိုင်ဟုဆို
Published 9 January 2018

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပတ်လည်ရှိ နေအိမ်အဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

ကုမ္ပဏီဥပဒေသစ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ ကွန်ဒိုမီနီယံနှင့်ပတ်သက်သည့်  နည်းဥပဒေ ထွက်ရှိလာခြင်းကြောင့် ကာလအတန်ကြာ အေးစက်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ ရှုထောင့်မှ ကြည့်ပါက ကောင်းလာနိုင်သည့် အချက်များရှိသကဲ့သို့ ဆိုးလာနိုင်သည့်အချက်များ လည်းရှိကြောင်း၊ သို့သော်လည်း ကောင်းသည့်အချက်က ပိုများသည်ဟု မြင်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ပထမဆုံးအချက်က ၂၀၁၇ ဧပြီလက စပြီး ကျင့်သုံးလာတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က အရှိန်ပိုရလာတယ်။ အရင်တုန်းကတော့ လုံးဝအသစ်ဖြစ်တဲ့အတွက်ကြောင့်   စာအုပ်လှန်ဖတ်လိုက် လုပ်လိုက်နဲ့ဆိုတော့ အားလုံးကို နေသားတကျ မရှိတဲ့အနေအ ထားကနေပြီးတော့မှ အားလုံး နေသားတကျ အားလုံးရှိသွားမယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က ပိုပြီး အားကောင်းမယ်။ ဒုတိယအချက်က ကုမ္ပဏီဥပဒေဟာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာစပြီး အသက်ဝင်တဲ့အချိန်မှာ သိသာတဲ့ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်။ အထူးသဖြင့် Foreign Capital Inflow တွေ ရှိလာနိုင်တယ်။ တတိယအချက်ကတော့ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ကွန်နီမီနီယံ နဲ့ ပတ်သက်တဲ့ နည်းဥပဒေထွက်သွားပြီ။ ထွက်သွားတဲ့နည်းဥပဒေက အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ကို ပြန်ပြီး လှုပ်ပေးနိုင်မယ်လို့ မြင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံနှင့်အီးယူနိုင်ငံ များအကြား နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအကာ အကွယ်ပေးရေးစာချုပ်ချုပ်ဆိုရန်အတွက် အီးယူဘက်မှ ရပ်ဆိုင်းလိုက်သဖြင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းသို့ အနောက် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း နှင့်ဝင်ရောက်လာရန် မျှော်မှန်း၍မရကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“၂၀၁၈ ခုနှစ်မှာ ကောင်းတာတွေရှိနေသလို ကျွန်တော်တို့ မျှော်မှန်းသလို မဖြစ်တာတွေ ရှိနေပါသေးတယ်။ အဲဒါကတော့ မောင်တောဒေသမှာဖြစ်တဲ့ ဖြစ်စဉ်တွေက ကျွန်တော်တို့တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်မှုတွေ ရှိခဲ့တယ်။ အဲဒါနဲ့ဆက်စပ်ပြီး ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့နဲ့ အီးယူနဲ့  နှစ် နိုင်ငံရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်နဲ့ပတ်သက်ပြီး ညှိနေတာက ပြီးသလောက်ရှိနေပြီ။ အဲဒီအချိန်မှာ ဒါကို ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အတွက် မူလကျွန်တော်တို့ မျှော်မှန်းခဲ့တာက ၂၀၁၇ မှာ ဒီစာချုပ်က ပြီးအောင်ညှိမယ်။ လက်မှတ်ထိုးမယ်။ ၂၀၁၈၊၂၀၁၉ မှာ တိုင်းပြည်ထဲမှာ အီးယူရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာအောင် Promote လုပ်မယ်ဆိုပြီးတော့မှ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။သုံးနှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ ရပ်ဆိုင်းလိုက်သည့်အတွက် ၂၀၁၈ ခုနှစ်အတွင်း အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာရန် မျှော်မှန်း၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီတော့ ခြုံပြောရရင် ၂၀၁၈ သည် တိုင်းပြည်အတွက် Legal Infrastructure ပိုင်းကပြောရင် ပိုပြီး အားကောင်းတဲ့ ဥပဒေတွေLegal Framework ဖြစ်လာတဲ့အတွက်ကြောင့် စီးပွားရေးဘက်မှာ လုပ်သာကိုင်သာပိုပြီးရှိလာတယ်။ အခွင့်အလမ်းတွေ ပိုပြီးများလာတယ်။ ကဏ္ဍအလိုက် လုပ်သားအင်အား အခြေပြုတဲ့ လုပ်ငန်းတွေ ပိုပြီးဝင်လာမယ်”ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent