ပခုက္ကူ ကြက်သွန်နီဈေးကွက်သို့ ကုန်းမြေများမှ ထွက်ရှိသည့် ကြက်သွန်နီသစ်များ ဝင်ရောက်လာ၍ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၄၀၀ သာ ရှိတော့ပြီး တစ်ပိဿာ ကျပ် ၆၀၀ ခန့် ဈေးနှုန်းပြန်လည်ကျဆင်းလာ

ပခုက္ကူ ကြက်သွန်နီဈေးကွက်သို့ ကုန်းမြေများမှ ထွက်ရှိသည့် ကြက်သွန်နီသစ်များ ဝင်ရောက်လာ၍ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၄၀၀ သာ ရှိတော့ပြီး တစ်ပိဿာ ကျပ် ၆၀၀ ခန့် ဈေးနှုန်းပြန်လည်ကျဆင်းလာ
Published 9 January 2018

ယောချောင်းအတွင်း ကြက်သွန်နီ သိမ်းနေသည့် တောင်သူများအား ယခင်နှစ် စိုက်ပျိုးရာသီက တွေ့ရစဉ်

ပခုက္ကူကြက်သွန်နီ ဈေးကွက်သို့ ကုန်းမြေများမှ ထွက်ရှိသည့် ကြက်သွန်နီသစ်များ ယခု ဇန်နဝါရီ ဒုတိယပတ်မှစ၍ ဝင်ရောက်လာ၍ တစ်ပိဿာ အမြင့်ဆုံး ကျပ်၂၄၀၀ သာ ရှိတော့ပြီး တစ်ပိဿာ ကျပ် ၆၀၀ ခန့် ဈေးနှုန်း ပြန်လည်ကျဆင်းလာကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

ကုန်းမြေများမှ ထွက်ရှိသည့် ကြက်သွန်နီသစ်များ ဝင်ရောက်မှုမှာ ပြန်လည်များပြားလာခြင်းနှင့် နယ်ဝယ်လက်များမှ ဝယ်ယူမှု နည်းပါးသွားခြင်းကြောင့် ဈေးနှုန်းပြန်လည် ကျဆင်းလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်အထိ ကြက်သွန်နီ တစ်ပိဿာ အမြင့် ဆုံး ၃၂၀၀ ကျပ်ဈေးရှိကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း ဝင်ရောက်လာသည့် ကုန်းမြေစိုက် ကြက်သွန်နီသစ်များမှာ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် အရည်အသွေး ထိခိုက်ခဲ့သော်လည်း ဈေးကွက်ဈေးနှုန်းများအရ တောင်သူများ အကျိုးအမြတ်ရှိကြောင်း သိရသည်။

“ဒီနေ့ ဇန်နဝါရီ ၈ ရက်မှာ ပိဿာချိန် လေးသောင်းလောက် ဝင်ပါတယ်။ လက်ရှိ ဝင်နေသည့် ကုန်းကြက်သွန်က ပခုက္ကူ၊ ဆိပ်ဖြူတို့ ကမ္မနဲ့ မြစ်ခြေနယ်တစ်ဝိုက်က ထွက်တဲ့ကြက်သွန်ပါ။ အမြင့်ဆုံး တစ်ပိဿာ ၂၄၀၀ ကျပ်ကနေ အနိမ့်ဆုံး ၉၀၀ ကျပ်အထိ ရှိတယ်။ အရောင်လည်းလှ အလုံးကြီး ကြက်သွန် ဆိုရင်တော့ တစ်ပိဿာ ၂၈၀၀ ကျပ်လောက်ရှိပါတယ်။ လက်ရှိကတော့ နယ်မြို့တွေကို တင်ပို့နေတာပါ” ဟု ပခုက္ကူမြို့မှ ကြက်သွန်နီ ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးကျော်သန်းက ပြောကြားသည်။

ယခုဇန်နဝါရီ ၈ ရက် ပခုက္ကူသီးနှံဈေးကွက်တွင် ကြက်သွန်နီ ဂျွန်ကြီးတစ်ပိဿာ ၂၂၀၀-၂၄၀၀ ကျပ်၊ ဂျွန်လတ်တစ်ပိဿာ ၂၀၀၀-၂၁၀၀ ကျပ်နှင့် ဂျွန်သေးတစ်ပိဿာ ၉၀၀-၁၂၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ပခုက္ကူကြက်သွန်နီ ဈေးကွက်တွင် ယောချောင်းဒေသထွက် ကြက်သွန်များ စတင်ဝင်ရောက်လာပြီး သြဂုတ်မှစ၍ နယ်ဝယ်လက် စုံလာသည့်အတွက် ဈေးနှုန်းဆက်တိုက် မြင့်တက်လာကာ ယခု ၂၀၁၈ နှစ်ဆန်းပိုင်းအထိ ဈေးနှုန်း ပြန်လည်ကျဆင်းခြင်း မရှိကြောင်း သိရသည်။

ကုန်းမြေများမှ ထွက်ရှိသည့် ကြက်သွန်နီများ ရောင်းဝယ်မှုပြီးစီးချိန်တွင် ယောချောင်း ကြက်သွန်နီသစ်များ ဝင်ရောက်လေ့ရှိပြီး ယခုနှစ် ယောချောင်းအတွင်း ကြက်သွန်နီ စိုက်ပျိုးပြီးချိန် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ကြက်သွန်စိုက်ခင်းများ မျောပါပျက်စီး သွားသည့်အတွက် ကုန်ဝင်ရောက်မှု နောက်ကျနိုင်ကြောင်း သိရသည်။

“လက်ရှိကတော့ ချောင်းရေပြန်ကျ သွားတဲ့အတွက် ရေမျောသွားတဲ့ စိုက်ခင်းတွေနေရာမှာ ပြန်စိုက်ဖို့ မြေပြင်တာတွေ လုပ်နေတယ်။ ဒါပေမဲ့ စိုက်ပျိုးဖို့ မျိုးပင်ဝယ်မရ ဖြစ်နေတယ်။ ငွေကြေးကလည်း အပြင်ငွေတိုး ရှာနေရတယ်။ မစိုက်ဘဲ ဒီတိုင်းထားလိုက်ရင်လည်း ရေမျောတုန်းက ဆုံးသွားတဲ့ပိုက်ဆံက ဘယ်လိုမှ ပြန်ရှာရမှာ မဟုတ်ဘူး။ အခက်အခဲတော့ အတော်ဖြစ်နေတယ်” ဟု ပေါက်မြို့နယ် အောင်ချမ်းသာရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

ပခုက္ကူခရိုင် ယောချောင်းအတွင်းမှ ကြက်သွန်နီစိုက်ခင်းများ ယခုလ ၃၊ ၄ ရက် များတွင် တောင်ကျရေ တိုက်စားမှုကြောင့် စိုက်ပျိုးဧက ၁၃၀၀ ကျော်ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ရှိကြောင်း သိရသည်။

ပခုက္ကူဒေသတစ်ဝိုက် ကြက်သွန်စိုက် တောင်သူများမှာ အချို့သောနှစ်များတွင် ကြက်သွန်ဈေးနှုန်း ကျဆင်းမှုကြောင့် အဆင်မပြေမှု ကြုံတွေ့ရပြီး ကြက်သွန်ဈေး ကောင်းမွန်သည့် ယခုနှစ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် စိုက်ခင်းများ ပျက်စီးသည့်အတွက် စိုက်ပျိုးစရိတ် ဆုံးရှုံးမှု ကြုံတွေ့နေရသည်။

Most Read

Most Recent