မြိတ်မြို့တွင် တည်ဆောက်မည့် Sea View Condo အထပ်မြင့်အိမ်ရာ စီမံကိန်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းအတွက် ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်

မြိတ်မြို့တွင် တည်ဆောက်မည့် Sea View Condo အထပ်မြင့်အိမ်ရာ စီမံကိန်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းအတွက် ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်
Published 9 January 2018

မြိတ်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

မြိတ်မြို့တွင် တည်ဆောက်မည့် ပင်လယ် ဘက်သို့ မျက်နှာမူထားသော Sea View Condo အထပ်မြင့်အိမ်ရာ စီမံကိန်းနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အတွက် ပြည်သူလူထုနှင့် တွေ့ဆုံပွဲကို ပုလဲသန္တာ ဟိုတယ်တွင် ဇန်နဝါရီ ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့ ကမ်းနားလမ်း ရေပုန်းနယ်မြေတွင် အကောင်ထည်ဖော် ဆောင်ရွက်မည့် Sea View Condo အထပ်မြင့်အိမ်ရာ စီမံကိန်းကို ယန်စီမြစ် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကွန်ဒိုဆောက်လုပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲမှု ကော်မတီမှ ဆောက်လုပ်ခွင့်ရရန် အချက်လေးချက် လိုအပ်နေပြီး ယခုပြုလုပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် စပ်လျဉ်းသော အများပြည်သူ တွေ့ဆုံပွဲမှာ နောက်ဆုံးအချက်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး စီမံခန့်ခွဲမှုကော်မတီကနေ ဆောက်လုပ်ခွင့်ရဖို့ အခြေခံအချက် လေးချက်လိုပါတယ်။ အဓိကအချက်ကတော့ MIC ခွင့်ပြုမိန့်ပါ။ နောက်ပြီးတော့ အဆောက်အဦ လုံခြုံရေးဆိုင်ရာ မီးသတ်ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်၊ CQHPR ကနေပြီးတော့ အဆောက်အအုံဒီဇိုင်း ခွင့်ပြုမိန့်၊ စီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ EIA, SIA ဆောင်ရွက်ထားရှိမှု ရီပို့ပေါ့ ဒါတွေလိုအပ်ပါတယ်။ အခု ကျွန်တော်တို့ နောက်ဆုံး EIA, SIA ပွဲလေးကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရလာတဲ့ အကျိုးဆက်တွေကိုလည်း နေပြည်တော် ပြည်ထောင်စု အစိုးရအဆင့်အထိ တင်ပြသွားမှာပါ။ ပြန်လည်ပြင်ဆင်ရန် လိုအပ်တဲ့ အချက်တွေကိုလည်း အချိန်နှင့် တစ်ပြေးညီ ပြန်လည်တင်ပြ ပေးသွားမှာပါ”  ဟု Sea View Condo စီမံကိန်း အော်ပရေးရှင်းဒါရိုက်တာ ဦးဟန်ထူးအောင်က ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် ဆောင်ရွက်ထားချက်များ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးသွယ်တန်းမှုများ၊ ဒေသခံလူငယ်များအတွက်   အလုပ်အကိုင် အခွင့်အလမ်းများ စသည့်မေးခွန်းများကို မေးမြန်းခဲ့ကြောင်း သိရသည်။

“လူထုတွေ့ဆုံပွဲက အထိုက်အလျောက် အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ အရင်ကထက်စာရင် ပွင့်လင်းမြင်သာမှု ရှိလာတယ်၊  ပြည်သူတွေ မေးခွန်းမေးခွင့်ရလာတယ်။ သူတို့အနေနဲ့လည်း ပြန်လည်ရှင်းပြတာတွေ လုပ်ပေးခဲ့တယ်။ အထိုက်အလျောက် ပွင့်လင်းမြင်သာတဲ့ ပွဲလေးတစ်ပွဲလို့ သုံးသပ်မိပါတယ်။ ပြည်ထောင်စုအစိုးရကို တင်ပြရမယ့် အပိုင်းလေးတွေရှိသလို တိုင်းဒေသကြီး အစိုးရကို ပြန်လည်ညွှန်ကြားပြီး လုပ်ဆောင်ရမယ့် အပိုင်းလေးတွေရှိတယ် ဆိုတော့ လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့ တချို့တစ်ဝက်တွေ ကျန်နေသေးတယ်လို့ သုံးသပ်မိပါတယ်။ သူတို့ ရှင်းပြသွားတာကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာဖို့ အရည်အသွေးရှိတဲ့ လုပ်သားတွေ ဖြစ်လာအောင် သင်တန်းတွေပေးသွားမယ်၊ အလုပ်တွေ ခန့်သွားမယ်လို့ ရှင်းပြခဲ့တဲ့အတွက် ဒေသရဲ့ အလုပ်အကိုင် အခွင့်အလမ်း အတွက်လည်း အများကြီး မျှော်လင့်ထားပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ပင်လယ်ဘက်သို့ မျက်နှာမူထားသည့် ကွန်ဒိုဖြစ်လာမည့် Sea View Condo စီမံကိန်းကို MIC မှ ရင်းနှီးမြှုပ်နှံခွင့် အမေရိကန်ဒေါ်လာ ၁၇၃ သန်း ခွင့်ပြုပေးထားပြီး ယန်စီမြစ် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အုပ်စုမှာ တောင်အာရှ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (တရုတ်) မှ ရာခိုင်နှုန်း ၈၀၊ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ (PPT) မှ ရာခိုင်နှုန်း ၂၀ ပါဝင်ထားကြောင်း သိရသည်။

 

Most Read

Most Recent