ထိုင်းနိုင်ငံရှိ အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းသည့် အထောက်အထားမဲ့ မြန်မာလုပ်သား လေးသိန်းခွဲကျော်သာရှိ

ထိုင်းနိုင်ငံရှိ အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းသည့် အထောက်အထားမဲ့ မြန်မာလုပ်သား လေးသိန်းခွဲကျော်သာရှိ
Published 10 August 2017

အလုပ်သမားမှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနတွင် လာရောက်မှတ်ပုံတင်နေသည့် မြန်မာလုပ်သားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ရွှေသိန်း)

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းခဲ့သည့် အထောက်အထားမဲ့သူများနှင့် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများမှာ လေးသိန်းခွဲကျော်သာရှိကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။

ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၇ ရက်အထိ ဖွင့်လှစ်ပေးခဲ့သည့် အလုပ်သမားမှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းခဲ့သည့် နိုင်ငံခြားသား အထောက်အထားမဲ့ အလုပ်သမားများမှာ မြန်မာလုပ်သား ၄၅၁၅၁၅ ဦး၊ ကမ္ဘောဒီးယားလုပ်သား ၂၂၂၉၀၇ ဦးနှင့် လာအိုလုပ်သား ၉၇၈၄၈ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ထိုင်းလုပ်ငန်းရှင် နှစ်သိန်းနီးပါးက တာဝန်ယူ စာရင်းပေးသွင်းခဲ့ ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) အဖွဲ့တာဝန်ခံ ကိုရဲမင်းထံမှ သိရသည်။

“ဒီစာရင်းပေးသွင်းတဲ့ လေးသိန်းကျော်က နည်းနေသေးတယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။ စာရင်းမဝင်တဲ့ အလုပ်သမားတွေ ကျန်နေသေးတယ်။ လုံး၀ စာရင်းမဝင်တဲ့သူတွေအနေနဲ့ကတော့ မြန်မာပြည်ကိုပြန်ရဖို့ သေချာတယ်။ စာရင်း လုံးဝမသွင်းရသေးတဲ့ အလုပ်သမားတွေအနေနဲ့ ဒီရက်ပိုင်း ၁၈၀ မပြည့်ခင်မှာဘဲ ထိုင်းနိုင်ငံကနေပြန်ထွက်ပြီး MoU စနစ်နဲ့ပြန်ဝင်ဖို့ အကြံပြုချင်ပါတယ်” ဟု ကိုရဲမင်းက ပြောကြားသည်။

ထိုင်းနိုင်ငံရှိ အလုပ်ရှင်များထံတွင် လက်ရှိအလုပ်လုပ်ကိုင်နေသော်လည်း အလုပ်ရှင် (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပါ နေရာကွဲလွဲနေသည့် အလုပ်သမားများ၊ အထောက်အထားရှိသော်လည်း သက်တမ်းကုန်နေသဖြင့် တရားမဝင်ဖြစ်နေသည့် အလုပ်သမားများနှင့် အထောက်အထားမဲ့ အလုပ်သမားများအနေဖြင့် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်မှ တရားဝင်ခန့်အပ်တာဝန် ပေးထားသည့် အလုပ်ရှင်ကိုယ်စားလှယ်နှင့်အတူ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဗဟိုဌာနများသို့ သွားရောက်စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင်အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး ဥပဒေကို ရက်ပေါင်း ၁၈၀ အထိ ဆိုင်းငံ့ ပေးထားခြင်းဖြစ်ပြီး အထောက်အထားမဲ့အ လုပ်သမားများအနေဖြင့် ယင်းကာလအတွင်း အထောက်အထား စုံလင်အောင်ပြန်လည် လုပ်ဆောင်ရမည်ဖြစ်သည်။

 

 

Most Read

Most Recent