<

ဘားအံ-သထုံ ကားလမ်း၌ အမျိုးသမီးတစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ကျော်ရှိ WY စိတ်ကြွဆေးပြား ၁၈၆၁၀၀၊ ICE ၈၆၀ ဂရမ်နှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကရင်ပြည်နယ်တွင် ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းက ဘားအံ-သထုံ ကားလမ်းတွင် သတင်းအရ တာဝန်ရှိသူများက စောင့်ဆိုင်း ဖမ်းဆီးရာမှ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ အမျိုးသမီးတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းက ၎င်းနေထိုင်သည့် ရန်ကုန်ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာမှ စိတ်ကြွဆေးအပါအ၀င် ICE ပုံဆောင်ခဲများပါ ထပ်မံရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ခြောက်ထောင်ကျော်ရှိ WY စိတ်ကြွဆေးပြား ၁၈၆,၁၀၀ နှင့် ICE ၈၆၀ ဂရမ်၊ မတ်တူးယာဉ်တစ်စီး အပါအ၀င် လက်ကိုင်ဖုန်းတစ်လုံးနှင့် မြန်မာငွေရောရာ ကျပ်သုံးသိန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃ ရက် နံနက် ၁၁ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဘားအံမြို့နယ် ဘန်ဂျီကျေးရွာအနီး ဘားအံ-သထုံ ကားလမ်းတွင် စောင့်ဆိုင်းနေစဉ် သထုံဘက်မှ မောင်းနှင်လာသည့် မတ်တူးအမျိုးအစား အဖြူရောင်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ မနန်းဘိုင်ခမ်း ၅၃ နှစ် အမှတ် (၁) ရပ်ကွက် လားရှိုးမြို့ ရှမ်းပြည်နယ်နေသူဖြစ်ကြောင်း သိရပြီး ယာဉ်အား သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ယာဉ်ရှေ့ခန်းနှင့် နောက်ခန်းတို့ အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၁,၀၀၀ (ကာလတန်ဖိုး ကျပ် ၄၈၃, ၀၀၀, ၀၀၀ ခန့် )၊ အမဲရောင်လက်ကိုင်ဖုန်းတစ်လုံး မြန်မာငွေရောရာ ကျပ် ၃၀၀,၀၀၀ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပူးပေါင်းအဖွဲ့သည် သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ကိုကိုဦးစီးအဖွဲ့နှင့်အတူ မနန်းဘိုင်ခမ်း ငှားရမ်းနေထိုင်သော ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ(၂၉) ရပ်ကွက် နေအောင်လမ်းရှိအိမ်အား သက်သေများနှင့်အတူ ဇန်န၀ါရီ ၅ ရက် နံနက် ၂ နာရီတွင် ဆက်လက်ရှာဖွေရာ ၎င်းနေအိမ်ရှိ ဗီရိုအတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၅၁၀၀ ပြား (ကာလတန်ဖိုး ကျပ် ၈၇,၈၅၀,၀၀၀ ခန့်) ၊ ICE ဟု ယူဆရသော အဖြူရောင်အခဲ အလေးချိန် ၈၆၀ ဂရမ် (ကာလတန်ဖိုး ကျပ် ၆၈,၈၀၀,၀၀၀ ခန့်) တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မနန်းဘိုင်ခမ်းအား ဘားအံမြို့မရဲစခန်းနှင့် သုဝဏ္ဏနယ်မြေ ရဲစခန်းတို့တွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

January 8, 2018














Copy Protected by Chetan's WP-Copyprotect.