<

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင် အမျိုးသမီးနှစ်ဦး မိုင်းနင်းမိ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံးဒေသ အင်ဝမ်းကောင်ကျေးရွာမှ မခေါ်မလေး (ဘ) ဦးခေါ်တားနှင့် မဂူမီး (ဘ) ဦးဂူပေါ်တို့သည် သူငယ်ချင်းလေးဦးနှင့်အတူ လားပိုးရွာသစ်ဘက်သို့ ဇန်ဝါရီ ၅ ရက်က ဖက်ခူးသွားစဉ် မိုင်းနင်းမိခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းနင်းမိသည့် အမျိုးသမီးနှစ်ဦးသည် ခါးရှိကျေးရွာရှိ ဘာသာရေးကျောင်းတွင် ကျောင်းတက်နေသူနှစ်ဦးဖြစ်ပြီး ငွေကြေးမတတ်နိုင်သောကြောင့် တပ်မတော်တပ်ရင်း အရာရှိများကို အကူအညီတောင်းခဲ့ကြောင်း၊ တပ်မတော်အရာရှိများက မြစ်ကြီးနား တပ်မတော်ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆဒုံးကျေးရွာမှ ဒေသခံတစ်ဦးက “အင်ဝမ်းကောင်ကနေ လားပိုးရွာဘက်ကို ဖက်သွားခူးတာ။ တိုင်းရင်းသားတွေ ထမင်းဟင်းထုပ်တဲ့ဖက် (တောင်စင်ဖက်) ဗျာ။ ၀ိုင်းမော်မှာ ဘာသာရေးကျောင်းတက်နေတာ။ ကျောင်းစရိတ်ရအောင်ဆိုပြီး ခြောက်ယောက်သွားကြတာ။ အင်ဝမ်းကောင်နဲ့ နှစ်မိုင်လောက်မှာ လမ်းပေါ်မှာပဲ။ ခေါ်မလေးကနင်းတာ သူက ခြေသလုံးအများကြီးထိသွားတယ်။ မိဂူက ပေါင်ပေါက်ထွက်သွားတယ်။ ရွာဝန်းကျင်မှာက တစ်ဖက်အဖွဲ့အစည်းတွေ ရှိနေတယ်လေ။ မိဘတွေက ငွေကြေးမရှိတော့ တပ်မတော်ဘက် အကူအညီတောင်းတယ်။ အခု မြစ်ကြီးနား တပ်မတော်စစ်ဆေးရုံမှာ” ဟု ပြောကြားသည်။

မြစ်ကြီးနား ရဲတပ်ဖွဲ့ရုံးနှင့် ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးများသို့ ဆက်သွယ်မေးမြန်းသော်လည်း သတင်းအနေဖြင့် ကြားသိရခြင်းသာဖြစ်ပြီး အစိုးရထိန်းချုပ်သော ဒေသ မဟုတ်သဖြင့် သွားရောက်စုံစမ်းရန် အခက်အခဲဖြစ်နေကြောင်း ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံးခဲ့ပြီး ၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှတ်တမ်းများ၊ သတင်းဌာနမှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ် တပ်မတော်နှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေး ပျက်ပြယ်ပြီးနောက်ပိုင်း လစဉ်မိုင်းပေါက်ကွဲမှုများဖြစ်ပေါ်ကာ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နောက်ပိုင်းမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ခြောက်နှစ်ကျော်ကာလအတွင်း မိုင်းပေါက်ကွဲမှု အကြိမ်ပေါင်း ၄၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ဒဏ်ရာရသူ ၅၀၆ ဦးအနက် သေဆုံးသူပေါင်း ၁၂၀ ရှိနေကြောင်း ပြည်နယ်ရဲစခန်းမှတ်တမ်းများ၊ သတင်းဌာန မှတ်တမ်းများအရ သိရသည်။

January 7, 2018














Copy Protected by Chetan's WP-Copyprotect.