မြန်မာ့စီးပွားရေးဘဏ်က မြိတ်ခရိုင်အတွင်းရှိ အသေးစား အလတ်စားလုပ်ငန်းရှင်များကို တစ်ဦးလျှင် အများဆုံး ကျပ်သိန်းသုံးထောင် ထုတ်ချေးပေးမည်

မြန်မာ့စီးပွားရေးဘဏ်က မြိတ်ခရိုင်အတွင်းရှိ အသေးစား အလတ်စားလုပ်ငန်းရှင်များကို တစ်ဦးလျှင် အများဆုံး ကျပ်သိန်းသုံးထောင် ထုတ်ချေးပေးမည်
Published 8 January 2018

မြန်မာ့စီးပွားရေးဘဏ်မှ မြိတ်ခရိုင်အတွင်းရှိ အသေးစား အလတ်စားလုပ်ငန်းရှင်များကို တစ်ဦးလျှင် အများဆုံးကျပ်သိန်း သုံးထောင်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှ အကောင်ထည်ဖော် ဆောင်ရွက်ရမည့် SME ချေးငွေအကြောင်း အသိပေးဆွေးနွေးခြင်းကို မြိတ်ဘဏ်ခွဲတွင် ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့ပြီး မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ချေးငွေကိစ္စနှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတွေ အများဆုံးရှိတဲ့ မြိတ်ခရိုင်ကို ဦးစားပေး ရွေးချယ်ပေးဖို့ ကျွန်တော်တောင်းဆိုခဲ့တယ်။ ဒေသကလူတွေ အမှန်အကျိုးရှိဖို့ ရည်ရွယ်ခဲ့တာပါ။ နိုင်ငံမှာ စီးပွားရေးလုပ်ငန်း တချို့က အနည်းငယ် တုံ့နှေးနေတဲ့ အနေအထားမှာ လုပ်ငန်းငယ်လေးတွေကို မြေတောင်မြှောက်ပေးပြီး ဒီလုပ်ငန်းတွေကနေ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်လာမယ့် အနေအထားကို တိုင်းဒေသကြီးအစိုးရက ယုံကြည်တဲ့အတွက် အမြန်ဆုံး အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး စီမံ/ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

အသေးစား အလတ်စားလုပ်ငန်းများမှာ မြိတ်ခရိုင်အတွင်းရှိ လုပ်ငန်းကြီးများနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၉၀ အထိရှိနေပြီး ဆန်းသစ်တီထွင်လိုသော လူငယ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေဖို့လည်း ရည်ရွယ်ချက်တစ်ခု ပါဝင်ကြောင်း သိရသည်။

“လူငယ်တွေထဲမှာ ဆန်းသစ်တီထွင်တဲ့ လုပ်ငန်းရှင်တွေ ဖြစ်လာစေဖို့ ပံ့ပိုးချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်။ ချေးငွေကိုအများဆုံး ကျပ်သန်း ၃၀၀ (သိန်းသုံးထောင်) အထိ ချေးပေးမှာပါ။ ပြန်လည်ပေးဆပ်ရမယ့် အစီအစဉ်ကို တင်ပြရမယ်ဆိုရင် သုံးလတစ်ကြိမ် အတိုးကောက်ပါမယ်။ သုံးလတစ်ကြိမ် အတိုးမသွင်းနိုင်ရင် မှတ်တမ်းထားပါမယ်။ သုံးနှစ်ချေးငွေဆိုရင် အရင်းကို တစ်နှစ် ဆိုင်းငံ့ထားပါတယ်” ဟု မြန်မာ့စီးပွားရေးဘဏ်တိုင်းမန်နေဂျာ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အတိုးနှုန်းမှာ ကိုးရာခိုင်နှုန်းရှိပြီး အနည်းဆုံးချေးငွေကို သတ်မှတ်ထားခြင်းမရှိဘဲ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ချေးယူခွင့်ပေးမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ဆက်လက်ပြောကြားခဲ့သည်။ ဆိုင်ငံ့အရင်းပေးဆပ်ရမည့်ကာလနှင့် အတိုးနှုန်းပေးသွင်းရမည့်အပေါ် အသေးစား အလတ်စားလုပ်ငန်းရှင်များက ဝေဖန်မှုတချို့ ရှိနေကြောင်း သိရသည်။

“ချေးငွေအခန်းကဏ္ဍအပိုင်းမှာကတော့ အားနည်းချက်တွေ အများကြီး တွေ့ရပါတယ်။ ချေးငွေချပေးတဲ့အခါမှာ အတိုးနှုန်းနဲ့ ဆိုင်းငံ့ကာလရှိတယ်။ လုပ်ငန်းတစ်ခုကို တည်ထောင်တော့မယ်ဆိုရင် ငွေကြေးကိုယူပြီး ရင်းနှီးမြှုပ်နှံမယ်။ အဲဒီအချိန်မှာ ချက်ချင်းအမြတ်အစွန်း မပေါ်နိုင်ပါဘူး။ ဒါပေမဲ့ အတိုးကို အရင်သွင်းသွားရမယ်လို့ ပြောပါတယ်။ ဆိုင်းငံ့ဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ လိုချင်တာက အတိုးကိုခေတ္တရပ်ဆိုင်းထားပါ။ လုပ်ငန်းခိုင်မာမှုရှိလာရင် လုပ်ငန်းရဲ့ အမျိုးအစားအလိုက်မူတည်ပြီး တစ်နှစ်တန်သည်၊ ခြောက်လတန်သည်၊ တစ်နှစ်ခွဲတန်သည် စသဖြင့် လုပ်ငန်းထဲက အမြတ်အစွန်းတွေ ထွက်လာတာနဲ့ တစ်ပြိုင်နက် အတိုးတွေပေးသွင်းရမယ်။ နောက်တစ်ခု အရင်းကိုလည်း နှစ်အလိုက် ငွေကြေးပမာဏအလိုက် အချိုးအစား သွင်းသွားနိုင်ရင် ပိုပြီးအဆင်ပြေမှာပါ” ဟု ဦးထွန်းထွန်းဦး (SME အရပ်ဘက် အဖွဲ့အစည်းအဖွဲ့ဝင်) က ပြောကြားသည်။

လုပ်ငန်းရှင်များအနေဖြင့် အပေါင်မဲ့ ချေးငွေများကို လိုလားပြီး စာရွက်စာတမ်းများစွာ လုပ်ဆောင်ရခြင်း၊ အဆင့်လိုက် လုပ်ဆောင်ရမည့်ကိစ္စ များစွာရှိနေခြင်းအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟု ခံစားရကြောင်း သိရသည်။

Most Read

Most Recent