တရားမဝင် ဖမ်းဆီးရမိခဲ့သည့် သင်းခွေချပ်ခြောက်ကောင်နှင့် ရေချိုလိပ်သုံးကောင်အား အလောင်းတော်ကဿပဘုရား ကားလမ်းဖွင့်သည့်နေ့တွင် ကြိုးပြင်ကာကွယ်တောသို့ ပြန်လည်လွှတ်ပေးခဲ့

တရားမဝင် ဖမ်းဆီးရမိခဲ့သည့် သင်းခွေချပ်ခြောက်ကောင်နှင့် ရေချိုလိပ်သုံးကောင်အား အလောင်းတော်ကဿပဘုရား ကားလမ်းဖွင့်သည့်နေ့တွင် ကြိုးပြင်ကာကွယ်တောသို့ ပြန်လည်လွှတ်ပေးခဲ့
Published 8 January 2018

ပြန်လွှတ်ပေးမည့် သင်းခွေချပ်များနှင့် ရေချိုလိပ်များအား ကလေးငယ်များ ကြည့်ရှုနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပဘုရား ကားလမ်းဖွင့်လှစ်သည့်နေ့တွင် တရားမဝင် ဖမ်းဆီးရမိခဲ့သည့် သင်းခွေချပ်ခြောက်ကောင်နှင့် ရေချိုလိပ်သုံးကောင်တို့အား ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကြိုးပြင်ကာကွယ်တော အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် သင်းခွေချပ်ခြောက်ကောင်နှင့် ရေချိုလိပ်သုံးကောင်တို့ကို ပြန်လည်လွှတ်ပေးရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ရှားပါးမျိုးစိတ်ဖြစ်သည့်အတွက် လွှတ်ပေးခဲ့ကြောင်း၊ သင်းခွေချပ်အကောင်များသည် အဓိက ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များဖြစ်ကြောင်း အလောင်းတော်ကဿပဘုရားကားလမ်းဖွင့်လှစ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများလည်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

“အခုလွှတ်ပေးလိုက်တဲ့ သင်းခွေချပ်တွေနဲ့ ရေချိုလိပ်တွေက ပင်လည်ဘူးဘက်ကပါ။ စစ်ကိုင်းတိုးဂိတ်မှာဖမ်းမိတဲ့ အကောင်တွေဖြစ်ပါတယ်။ ရေချိုလိပ်တွေကိုတော့ အလောင်းတော်ကဿပထဲမှာရှိတဲ့ ချောင်းတွေထဲ လွှတ်ပေးခဲ့တာပါ။ သင်းခွေချပ်တွေကတော့ အလောင်းတော်ရဲ့ တောထဲမှာပဲ ပြန်လွှတ်ပေးလိုက်တာပါ” ဟု တိုင်းဒေသကြီးသစ်တောဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန အနေဖြင့် ရှားပါးတောရိုင်းတိရစ္ဆာန်များအား ထိထိရောက်ရောက် ကာကွယ်နေကြောင်း၊ ထို့ပြင် တောရိုင်းတိရစ္ဆာန်များကို ခိုးယူခြင်း၊ သတ်ဖြတ်ခြင်းနှင့် တရားမဝင် မှောင်ခိုဈေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချမှုများလည်းရှိကြောင်း တောရိုင်းတိရစ္ဆာန်များသည် လူသူအရောက်အပေါက်နည်းသည့် သဘာဝသစ်တောများထဲတွင် အနှံ့အပြား နေထိုင်လေ့ရှိကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာန်များ အဓိက ကျင်လည်ကျက်စားကြသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပင်လည်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များရှိ သဘာဝသစ်တောများနှင့် သဘာဝမြစ်ချောင်း၊ အင်းအိုင်များတွင် နေထိုင်ကျက်စားလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent