KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦး သတ်ဖြတ်ခံရသည့်အပေါ် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူငါးဦးနှင့်ပတ်သက်၍ လွိုင်ကော်မြို့တွင် ရှင်းလင်း

KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦး သတ်ဖြတ်ခံရသည့်အပေါ် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူငါးဦးနှင့်ပတ်သက်၍ လွိုင်ကော်မြို့တွင် ရှင်းလင်း
Published 8 January 2018

KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦး သတ်ဖြတ်ခံရသည့်အပေါ် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ခွန်ရဲမင်းကျော် အပါအဝင် ငါးဦးနှင့်ပတ်သက်၍ ပြည်သူများသို့ ပြန်ကြားချက်နှင့် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၇ ရက် မွန်းတည့် ၁ နာရီခန့်တွင် လွိုင်ကော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပကြောင်း သိရသည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရသောဖြစ်စဉ်တွင် အရပ်သားတစ်ဦးပါဝင်နေသည် ကို အကြမ်းဖျင်းအနေဖြင့်သာ သိရှိထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောကြားသည်။

“တပ်သတင်းဆိုတဲ့ဟာက ကျွန်တော်သူ့တို့မှာက လျှို့ဝှက်တဲ့ ကန့်သတ်တဲ့ အနေအထားတွေ အဲဒီလိုရှိတယ်။ ဒါကဖြစ်စဉ် အကြမ်းပဲ။ ကျွန်တော်တို့ကသိထားတာ အသေးစိတ်က တပ်သတင်းဖြစ်နေတဲ့အခါမှာ ရပို့ဆိုတဲ့ အတိုင်းအတာမှာ တစ်ခုခုမှားသွားရင် ကျွန်တော်တို့မှာ ဘယ်လိုမှ အနေအထား အယူအဆတွေ လွဲကုန်မှာ။ ဒါက လက်နက်ကိုင် အချင်းချင်းဖြစ်နေတော့။ သူ့ဆိုက်နဲ့သူကတော့ ဥပဒေအရနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိထားသလောက်ကတော့ အဲဒီလိုလေးတော့ ရှိပါတယ်” ဟု ဦးကျော်မိုးက တက်ရောက်လာသူတစ်ဦး၏ မေးမြန်းချက်အား ပြန်လည်ဖြေဆိုလေသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြစ်စဉ်အပေါ် စီစဉ်ဆောင်ရွက်နေကြောင်း။ ကျန်သည့်ကိစ္စရပ်များတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများဖြစ်သည့်အတွက် အရင်းခံ အကြောင်းအရာအား မသိရှိရကြောင်းလည်း လွိုင်ကော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးကျော်မိုးက Daily Eleven မှ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုလေသည်။

“ဒီဟာကလည်း အစိုးရအဖွဲ့အနေနဲ့က အားလုံးစီစဉ် ဆောင်ရွက်နေပါတယ်။ သို့သော် ကျွန်တော်တို့က ဒါငြိမ်းစုစီရဲ့ဥပဒေတွေသိအောင်ပဲ ချပြရှင်းလင်းတာ။ ဆက်နွှယ်နေတဲ့ ကဏ္ဍကတော့မှန်တယ်။ သို့သော် ဒီဆက်နွယ်နေတဲ့ ကဏ္ဍမှာကျွန်တော်တို့က ခုနက တပ်ပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်နေတယ်။ KNPP နဲ့ တပ်ဆိုတာက သူတို့ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့အခါမှာ အရပ်သားတစ်ယောက်ပါတာ ဒါကိုလည်း အစိုးရအဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ ကျန်တဲ့ဟာတွေတော့ ကျွန်တော်တို့က ထဲထဲဝင်ဝင်ဆိုတော့ လက်နက်ကိုင်အချင်းချင်း ဆိုတာမှာ အရပ်ဘက်ဌာနဆိုင်ရာကနေပြီးတော့ အနေအထားကို စူးစူးစမ်းစမ်းနဲ့ လိုက်လုပ်ဖို့ကျတော့ ကျွန်တော်တို့မှာ အခွင့်အရေးက သိပ်မရှိဘူး။ အရပ်သားတစ်ဦးပါတယ်။ တပ်ဘက်ဆိုင်ရာကလည်း စုံခုံတွေဖွဲ့ပြီး စစ်ဆေးနေတယ်။ ဇာစ်ဇာစ်မြစ်မြမ် အရင်းခံပြီး ကျွန်တော်တို့မှာတော့ မသိဘူးပေါ့ဗျာ။ အဲ့လို အနေအထားလေး ရှိပါတယ်” ဟု ဦးကျော်မိုးက ပြောကြားသည်။

ထို့နောက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နှင့် ပက်သက်၍ မြို့နယ်ဥပဒေအရာရှိနှင့် ဒုမြို့နယ်စခန်းမှူးတို့မှ တက်ရောက်လာသူများအား ရှင်းလင်းပြောကြား ဆွေးနွေးသည်ဟု သိရသည်။

ရှင်းလင်းပွဲတွင် လွိုင်ကော်မြို့နယ် ၁၉ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ သတင်းမီဒီယာများ၊ မြို့မိမြို့ဖများ၊ INGO များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များမှ တက်ရောက်ကြကာ သိလိုသည်များ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

ခွန်ရဲမင်းကျော် အပါအဝင် ငါးဦးမှဦးဆောင်၍ လွိုင်ကော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ပြည်နယ်အစိုးရရုံး၊ ပြည်နယ်လွှတ်တော်ရုံးရှေ့များနှင့် လမ်းဆုံများတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ခွင့်ပြုမိန့်တောင်းခံခြင်းမရှိသဖြင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာသို့ တင်ပြထားခြင်းမရှိသောကြောင့် ပုဒ်မ ၁၉ အရ အရေးယူခံရပြီး တရားရုံးမှ အာမခံယူရန် ပြောဆိုသော်လည်း မယူကြသဖြင့် ထောင်အချုပ်ဖြင့် တရားရင်ဆိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦး သတ်ဖြတ်ခံရသည့်အပေါ် ဆန္ဒဖော်ထုတ်ခဲ့သော လူငယ်ငါးဦးအား ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုသည့်အပေါ် ပထမဆုံးရုံးချိန်းဖြစ်သည့် ဇန်နဝါရီ ၅ ရက်တွင် လူဦးရေ ၇၀၀ ကျော်ခန့် ဆန္ဒဖော်ထုတ်၍ တရားရုံးနှင့် လွိုင်ကော်အကျဉ်းထောင်များသို့လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရာတွင် တရားမျှတမှုဖော်ဆောင်ရေး တို့အရေး၊ ဥပဒေမဲ့သတ်ဖြတ်မှု အလိုမရှိ၊ မတရားစွဲဆိုမှု အလိုမရှိ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ အလိုမရှိ၊ တာဝန်ခံမှု တာဝန်ယူမှုမရှိသော အစိုးရအလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ကရင်နီပြည်လူငယ်များသမဂ္ဂရုံးရှေ့မှ စတင်ကာ ပြည်နယ်အစိုးရ ရုံးရှေ့၊ မြို့လယ်မီးပွိုင့်၊ တောင်ကွဲစေတီအနီး၊ ပြည်နယ်လွှတ်တော်ရုံးရှေ့၊ တရားရုံးရှေ့တို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent