ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အနေဖြင့် နုတ်ထွက်စာနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက် အပါအဝင် လေးရက်တာ ဆွေးနွေးမှုကို ANP ပါတီ သတင်းစာရှင်းလင်း

ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အနေဖြင့် နုတ်ထွက်စာနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက် အပါအဝင် လေးရက်တာ ဆွေးနွေးမှုကို ANP ပါတီ သတင်းစာရှင်းလင်း
Published 8 January 2018

ရခိုင်အမျိုးသားပါတီ၏ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အနေဖြင့် နုတ်ထွက်စာနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက် အပါအဝင် လေးရက်တာ ဆွေးနွေးမှုအား ANP ပါတီမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ကော်မတီဝင်များ ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌအား နုတ်ထွက်ခွင့်ပြုသင့်သည့် တင်ပြချက်များရှိခဲ့သကဲ့သို့ မထွက်သင့်ကြောင်း တင်ပြချက်များလည်း ရှိခဲ့သည့်အတွက် အမျိုးသားသွေးစည်းညီညွတ်ရေးကို အစဉ်အတိုက်ရှေးရှုကာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးအောင်အနေဖြင့် နုတ်ထွက်စာနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်၍ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “ပါတီဖွဲ့စည်းပုံဆိုတာ ရှိပါတယ်။ ပါတီဝင်တစ်ယောက်၏ ကျင့်ဝတ်များစည်းကမ်းများ၊ တာဝန်များပြဋ္ဌာန်းထားတဲ့အပြင် ဥက္ကဋ္ဌတစ်ဦး၏ တာဝန်ဝတ္တရားများဆိုတာကို ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ရှင်းလင်းစရာရှိက ရှင်းလင်းရမည်ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ နုတ်ထွက်ခွင့်ပြုမပြုဆိုတာကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်မယ်ဆိုတာပါတယ်” ဟု ပြောကြားသည်။

အစည်းအဝေးနှင့် ပတ်သက်ပြီး သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်တွင် အချက်လေးချက်ကို အဓိကထား ဖော်ပြခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေနှင့် ရခိုင်အမျိုးသားပါတီ၏ ရှေ့လုပ်ငန်းစဉ်၊ ပါတီကျစ်လျစ်ခိုင်မာရေးနှင့် ပါတီတည်ဆောက်ရေး၊ ဘင်္ဂါလီများကို ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် သဘောထား၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တက်ရောက်ခြင်းနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးချက်များအပြင် လွှတ်တော်ရေးရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်နှင့် အခြားဒေသများ၌ ရောက်ရှိနေကြသည့် ရခိုင်မျိုးနွယ်စုဝင်များ လတ်တလော ကြုံတွေ့ရသည့် အခြေအနေ၊ လက်ရှိမြန်မာနိုင်ငံရေး အခင်းအကျင်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သတင်းစာရှင်းလင်းပွဲ၌ ပါတီအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်အား ဥက္ကဋ္ဌရာထူးနေရာမှ ယာယီရပ်ဆိုင်းထားပြီး အစားထိုးခန့်ထားခြင်းလည်း ပြုလုပ်မည်မဟုတ်သေးကြောင်း၊ ညီလာခံတစ်ခု ပြုလုပ်ပြီးမှသာ ဆက်လက်ပြီး ပါတီတာဝန်များ ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းညီလာခံကိုလည်း ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင်း ပြုလုပ်နိုင်ဖွယ်ရှိကြောင်းလည်း ပြောကြားသည်။

“နုတ်ထွက်လွှာတင်ထားတဲ့ အချိန်မှာ အချိန်အတိုင်းအတာတစ်ခုတော့ ပေးရမယ်။ ဒါပေမဲ့ နုတ်ထွက်လွှာကို ပြန်လည်သုံးသပ်နေတဲ့အတွင်းမှာ ဥက္ကဋ္ဌနေရာကို ရပ်ဆိုင်းထားမယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်လိုက်တယ်။ ဖွဲ့စည်းပုံအရပဲ လစ်လပ်တဲ့ဥက္ကဋ္ဌနေရာကိုလည်း ခန့်အပ်ခြင်း မပြုဘဲနဲ့ ဥက္ကဋ္ဌအဖွဲ့နဲ့ အတွင်းရေးမှူး အဖွဲ့က စုပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားခဲ့သည်။

ပါတီဝင်အချို့ နုတ်ထွက်ခြင်းနှင့်ပတ်သက်ပြီး ဒုဥက္ကဋ္ဌ ဦးခိုင်နယ်စိုးကလည်း ထိုသို့နုတ်ထွက်ကြခြင်းသည် လူတစ်ဦးတစ်ယောက် ဆန္ဒအပေါ်မှာသာ မူတည်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အခင်းအကျင်းသည် လူ့အဖွဲ့အစည်းနှင့် ကင်းကွာနေသည့် အခင်းအကျင်း ဖြစ်နေကြောင်း၊ ပါတီစုံဒီမိုကရေး အခင်းအကျင်းသည် နူးညံ့သိမ်မွေ့ပြီး ထိရှလွယ်ကြောင်း၊ အယူအဆများ သဟဇာတမဖြစ်သည်များလည်း ရှိကောင်းရှိနိုင်ကြောင်း၊ ထိုသို့သော စိန်ခေါ်မှုမျိုးကို ကြုံတွေ့ရမည်ဟု ကြိုသိထားကြောင်း၊ မကျွမ်းကျင်သည့် အခင်းအကျင်းသစ်မှာ မကျွမ်းကျင်ဘဲ စမ်းတဝါးဝါးလမ်း လျှောက်နေရသည့်ကာလတစ်ခုလည်း သုံးသပ်ကြောင်း၊ ပါတီတွင်း မည်သို့ဖြစ်သည်ဆိုသည်ထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးယဉ်ကျေးမှု မည်မျှမြင့်မားနေသည်ဆိုသည်ကို သုံးသပ်ရမည်ဖြစ်ကြောင်း၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းသွားလို့ရသည့် နိုင်ငံရေး အခင်းအကျင်း မဟုတ်ကြောင်း၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်၊ တွေးခေါ်ခွင့်ရှိကြောင်းများကိုလည်း ပြောကြားသည်။

ထို့အပြင် ဘင်္ဂါလီများ ပြန်လည်လက်ခံရာတွင်လည်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဖြင့် စစ်ဆေးရန်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို နိုင်ငံသားဖြစ်ခွင့်ပြုပြီး မြန်မာနိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်နှင့် နိုင်ငံသားမဟုတ်သူများ နိုင်ငံခြားသားအဖြစ် အသိအမှတ်ပြု ကြေညာရန် အလေးထားဖော်ပြကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသည်။

Most Read

Most Recent