တရားမဝင်တင်သွင်းလာပြီး အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်အမျိုးမျိုးကို ရှောင်တခင်ရှာဖွေ သိမ်းဆည်းမည်

တရားမဝင်တင်သွင်းလာပြီး အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်အမျိုးမျိုးကို ရှောင်တခင်ရှာဖွေ သိမ်းဆည်းမည်
Published 8 January 2018

တရားမဝင်တင်သွင်းလာပြီး အခွန်တံဆိပ်ကပ်နှိပ်ထားခြင်း မရှိသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် အမျိုးမျိုးအား ရှောင်တခင် ရှာဖွေသိမ်းဆည်းအရေးယူတော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ကြိုတင်သတိပေးချက် ထုတ်ပြန်ထားပြီး ယခုနှစ် ဇန်နဝါရီမှ စတင်ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရသည်။

တရားမဝင်တင်သွင်းလာပြီး အခွန်တံ ဆိပ်ကပ်နှိပ်ထားခြင်း မရှိသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်အမျိုးမျိုးအား ရှောင်တခင် ရှာဖွေသိမ်းဆည်းအရေးယူမည့် အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပြီး ယခုလအတွင်း စတင်စစ်ဆေးဖမ်းဆီးနိုင်ရန် ပြင်ဆင်မှုများကိုမူ အသေးစိတ်ပြောပြနိုင်မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခွန်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသည့် အရက်၊ ဘီယာ၊ ဝိုင်အမျိုးမျိုးနှင့် စီးကရက်အမျိုးမျိုးကို ဝယ်ယူရောင်းချသည်ဟု စိစစ်တွေ့ရှိပါက အဆိုပါ ကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည့်အပြင် လက်ဝယ်ထားရှိရောင်းချသူသည် သိမ်းဆည်းခြင်းခံရသည့် အထူးကုန်စည်တန်ဖိုး၏  ရာခိုင်နှုန်း ၁၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည့်အပြင် ဖမ်းဆီးရမိသည့် အထူးကုန်စည်သည် ပြည်တွင်း၌ ထုတ်လုပ်ပါက ထုတ်လုပ်သူမှလည်း အထူးကုန်စည်တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်သည်။

ထိုသို့ တရားမဝင် တင်ရောင်းချနေသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်စသည့် အထူးကုန်စည်များအား ရှာဖွေဖော် ထုတ်သိမ်းဆည်းရန်နှင့် ဈေးကွက်အတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းအား အထူးကုန်စည်ဥပဒေတွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တရားမဝင် တင်သွင်းလာသည့် အဆိုပါကုန်စည်များကို ဝယ်ယူရောင်းချခြင်းမပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနက ကြိုတင်အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသော ဘီယာများ၏ ရာခိုင်နှုန်း ၃၀ သည် တရားမဝင် ကုန်သွယ်မှုမှ ရရှိနေခြင်းဖြစ်ကြောင်း နိုင်ငံတကာ ဈေးကွက်သုတေသနအဖွဲ့ဖြစ်သည့် Euromonitor International က ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ဘီယာတရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်သည့် ဘက်မလိုက်သည့် လေ့လာမှုအရ သိရသည်။

ဘီယာတင်သွင်းမှုကို ကန့်သတ်ထားသော နိုင်ငံတွင် ရောင်းဝယ်နေသည့် ရာခိုင်နှုန်း ၃၀ သော ဘီယာများသည် တရားမဝင် ဘီယာများဖြစ်ပြီး ၂၀၁၆ တွင် ဟက်တိုဘီတာပေါင်း တစ်သန်းကျော်နီးပါးရှိနေပြီး ထိုအထဲတွင် ၉၆ ရာခိုင်နှုန်းမှာ နယ်စပ်မှ ကုန်းလမ်း ၊ရေလမ်းများဖြင့် ရောက်ရှိလာကာ စာတမ်းတွင် လေ့လာခဲ့သော မြို့လေးမြို့ရှိ စတိုးဆိုင်များတွင် ၉၅ ရာခိုင်နှုန်းသော တရားမဝင်ဘီယာများသည် လူသိများသော ထိုင်းနာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ဈေးနှုန်းသက်သာမှု (ဈေးချိုသက်သာခြင်း) သည် မှောင်ခိုဘီယာများ သောက်သုံးမှုအတွက် အဓိကကျသော တွန်းအားဖြစ်ကြောင်း၊ စတိုးဆိုင်များမှတစ်ဆင့် လေ့လာမှုအရ ပြည်တွင်းထုတ်ဘီယာ ၃၃၀ မီလီလီတာဘူးသေး၏ ရောင်းဈေးထက် မှောင်ခိုဘီယာများမှာ ၃၅ ရာခိုင်နှုန်းခန့် ဈေးချိုကြောင်း သိရသည်။

အခွန်ငွေပေးဆောင်မှုမရှိသည့် မှောင်ခိုဘီယာများသည် နိုင်ငံတွင်းဘီယာများထက် သုံးဆဈေးနည်းပြီး အစီရင်ခံစာအရ မှောင်ခိုဘီယာ ၇၅ ရာခိုင်နှုန်းသည် သံဘူးအသွင်ဖြင့်ဖြစ်နေသည်မှာ သယ်ဆောင်ရ လွယ်ကူခြင်းကြောင့်ဖြစ်ကာ ရာခိုင်နှုန်း ၈၀  ရှိသော မှောင်ခိုဘီယာများသည် ထိုင်းနယ်စပ် မှကျော်ဖြတ်ဝင်ရောက်ပြီး ရာခိုင်နှုန်း ၂၀ မှာ တရုတ်နယ်စပ်မှ ဝင်ရောက်နေကြောင်း သိရသည်။

Euromonitor International ၏  စစ်တမ်းအရ တရားမဝင်တင်သွင်းနေသည့် ကုန်စည်များအနက် ဘီယာတစ်မျိုးတည်းကပင် မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ် တစ်နှစ်တည်းတွင်ပင် ဒေါ်လာ ၄၈ သန်းမှ ၅၂ သန်းအကြား ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent