<

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေး ချင်းမိုင်မြို့တွင် ပြုလုပ်မည်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA )ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေး ဇန်န၀ါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှာ အကြိုဆွေးနွေးပွဲများ ပြုလုပ်ချိန်၌ အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်မသေချာသောကြောင့် ယခုလကုန်တွင် ကျင်းပရန်ဆုံးဖြတ်ထားသည့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်များဘက်က ရက်ရွှေ့ဆိုင်းနိုင်ကြောင်း ပြင်ပတွင် ပြောဆိုနေမှုများ ရှိနေသည်။

“ကျွန်တော်တော့ ကောင်းကောင်း မကြားသေးဘူးဗျ။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတစ်ခု မလုပ်ဖြစ်သေးဘူးဆိုရင်လည်းပဲ တိုင်ပင်ရမှာပေါ့။ သို့သော်လည်းပဲ Process တစ်ခုလုံးရပ်ဆိုင်းသွားတာမျိုးတော့ မဖြစ်သင့်ဘူးထင်တယ်။ အရေးပေါ်အစည်းအဝေး လက်မှတ်ထိုး ရှစ်ဖွဲ့ PPST အစည်းအဝေး ခေါ်ထားတယ်။ အဲဒီမှာဆုံးဖြတ်မလား ဘာလားတော့မသိဘူး” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောကြားသည်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးဘဲ ၂၁ ရာစု ပင်လုံညီလာခံတတိယ အစည်းအဝေး ယခုလကုန်တွင်ပြုလုပ်နိုင်ခြေ ရှိ၊ မရှိ မေးမြန်းမှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက နိုင်ငံရေး ဆွေးနွေးပွဲဆိုသည်မှာ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးပါဝင်ရန် လိုအပ်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးဆိုရာတွင် အနိမ့်ဆုံး အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတွေအားလုံး ပါအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြေအနေအမှန်အတိုင်း တင်ပြရမည်ဆိုပါက ခက်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ပြီးခဲ့တဲ့ညီလာခံမှာ ရှမ်းအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့အတွက်ကို လိုက်ပါခဲ့ပြီးပြီ။ သူတို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပဘဲနဲ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရှစ်ဖွဲ့မှာလည်း သဘောထားရှိတယ်။ ရှမ်းမှာ RCSS အနေနဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ဘဲနဲ့တော့ နိုင်ငံရေးဆွေးနွေးပွဲ မသွားသင့်ဘူးလို့ ယူဆတဲ့သဘောထားမျိုး ရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ပြန်ညှိရမှာပေါ့။ ပြန်ညှိရမှာဆိုတော့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အဆင်ပြေနိုင်လား။ မပြေနိုင်လားဆိုတာကို ညှိနှိုင်းမှုပေါ်မူတည်တယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

နိုင်ငံရေးဆိုသည်မှာ သီးခြားပြောရခက်သဖြင့် သတ်မှတ်ချိန်အတိုင်းမီလျှင်လည်း မီသွားနိုင်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်သဖြင့် အချိန်ဖိအားကြောင့်လုပ်သည့် ပုံစံမျိုးမဖြစ်စေရဘဲ လုံလောက်သည့်အချိန် ရှိရန်လိုကြောင်း၊ နိုင်ငံရေးသဘောတူညီချက်ရရှိရေးအတွက် လုံလောက်သည့်အချိန်ရှိမှာသာဖြစ်မည်ဖြစ်ပြီး လုံလောက်သည့် အချိန်မရှိပါက ရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အခုအခြေအနေမှာ တော်တော်လေးတော့ ရက်ကကပ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲပြီးပြီဆိုရင်လည်းပဲ လုပ်ငန်းကော်မတီတွေက ပြန်စရတော့မှာကို။ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ။ အဲဒီလုပ်ငန်းကော်မတီ အစည်းအတွက် အချိန်ယူရမယ်။ ပြီးရင် လုပ်ငန်းကော်မတီက တင်ပြလာတဲ့ဟာတွေကို ဆုံးဖြတ်စီစဉ်ဆောင်ရွက်ဖို့အတွက် UPDJC အတွက် အချိန်ယူရဦးမယ်။ ညီလာခံအတွက်ပြင်ရမယ်။ ညီလာခံပြင်တာကတော့ မကြာပါဘူး။ ပြင်ဆင်မှုတွေက အားလုံးက ပြင်ဆင်ထားပြီးသားပဲ။ ညီလာခံကျင်းပဖို့အတွက် logastic  ပိုင်းကတော့ ပြေလည်နေတယ်။ ဒါပေမဲ့ နိုင်ငံရေးအပိုင်းက မပြေလည်ဘူးဆိုရင်သွားလို့ မရဘူးလေ။ အဓိက အရေးကြီးတာက နိုင်ငံရေးက လာမယ့် ညီလာခံမှာ ဖက်ဒရယ်အခြေခံမူတွေ ဦးတည်ကြိုးပမ်းချင်တာကို။ နိုင်ငံရေးရလဒ်ရရေး ဦးတည်ကြိုးပမ်းသွားမှာ ဖြစ်တဲ့အတွက် ညှိနှိုင်းဖို့အတွက် အချိန်တော့ပြန်ယူရမယ် ထင်တယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလက ကျင်းပခဲ့ပြီး တစ်နှစ် နှစ်ကြိမ် သတ်မှတ်ချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန် အစိုးရဘက်က ဆန္ဒရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပရန် ဆန္ဒရှိခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) တွင်၂၀၁၈ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ကျင်းပရန်ဆုံးဖြတ်ထားခြင်း ဖြစ်သည်။