w UNFC အဖွဲ့ဝင်များ NCA ရေးထိုးရေး အပါအ၀င် အနာဂတ် မည်သို့ဆက်သွားမည်ကို ဆုံးဖြတ်မည့် UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့အစည်းအဝေး ကျင်းပလျက်ရှိ - Eleven Media Group <

UNFC အဖွဲ့ဝင်များ NCA ရေးထိုးရေး အပါအ၀င် အနာဂတ် မည်သို့ဆက်သွားမည်ကို ဆုံးဖြတ်မည့် UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့အစည်းအဝေး ကျင်းပလျက်ရှိ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးရေးအပါအ၀င် အနာဂတ် မည်သို့ဆက်သွားမည်ကို ဆုံးဖြတ်မည့် UNFC ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အရေးပေါ်တိုးချဲ့ အစည်းအဝေးအား ဇန်န၀ါရီ ၆ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပလျက်ရှိသည်။

အဆိုပါ အစည်းအဝေးကို ဇန်န၀ါရီ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဒီအစည်းအဝေးကတော့ လက်ရှိ ကျွန်တော်တို့ UNFC နဲ့ အစိုးရကြားမှာ NCA ကိစ္စ ညှိနှိုင်းနေတဲ့အပေါ်မှာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အနေအထားပေါ်မှာ DPN (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့) နဲ့ PC (အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်) နဲ့ ဆွေးနွေးတဲ့ အနေအထားကို ကျွန်တော်တို့ တင်ပြမှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့အနေနဲ့လည်း ဒါကို တစ်စုံတစ်ရာ ဆွေးနွေးဆုံးဖြတ်ပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား၊ ဆုံးဖြတ်ချက် တစ်ခုခုကိုလည်းပေးနိုင်၊ ပေးဖို့လည်း လိုအပ်တဲ့ အနေအထားမျိုးလည်းဖြစ်တယ်” ဟု UNFC ဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

လက်ရှိအခြေအနေသည် မကြာခင်တွင် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကိုလည်း ခေါ်ယူရန်ရှိကြောင်း၊ မိမိတို့အဖွဲ့ဝင်များကို အကျပ်ကိုင်မှုများ ရှိနေကြောင်း၊ မြောက်ပိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုများနှင့် ဖိအားပေးနေခြင်းများရှိကြောင်း နိုင်ဟံသာက ပြောကြားသည်။

“ဒါက အခြေအနေ ဘက်ပေါင်းစုံကို ကျွန်တော်တို့ သုံးသပ်ပြီးတော့ အနာဂတ်မှာ ကျွန်တော်တို့ UNFC တပ်ပေါင်းစုအဖွဲ့ဝင်များ အနေနဲ့ ဘယ်လိုလုပ်သွားကြမလဲ၊ ဘယ်လိုဆက်လက်ပြီးတော့မှ ညှိနှိုင်းဖြေရှင်းမလဲ စသည်ဖြင့်ပေါ့လေ။ ကျွန်တော်တို့ကတော့ ဆွေးနွေးဆုံးဖြတ်ပေးဖို့ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အစိုးရဘက်က ပြန်ကြည့်ရင်လည်း အခြေအနေ မကောင်းဘူး။ ပတ်ဝန်းကျင်က အများကြီးကို အကြပ်ကိုင်နေတဲ့ အနေအထား၊ တစ်ဖက်က ကျွန်တော်တို့ တိုင်းရင်းသားတွေ အပေါ်မှာလည်း အမျိုးမျိုး ဒီစစ်ရေးနည်းနဲ့ အကြပ်ကိုင်နေတယ်။ နောက် သူတို့ရဲ့ ရပ်တည်ချက်ကလည်း အမျိုးမျိုး ပြောနေတာလည်း ကျွန်တော်တို့ အားလုံး သိပြီးသားဖြစ်ပါတယ်” ဟု နိုင်ဟံသာက ပြောကြားသည်။

ထိုကဲ့သို့ အနေအထားတွင် မိမိတို့အနေဖြင့် စုစုစည်းစည်းနှင့် ခိုင်ခိုင်မာမာဖြင့် စုစည်းနိုင်မှသာ မိမိတို့ လိုလားသည့် ပန်းတိုင်ရောက်ရှိနိုင်ရန်အတွက် မည်သို့လုပ်ဆောင်သွားမည်ဆိုသည့် အရေးကြီးသည့် အဆုံးအဖြတ်တစ်ခုကို ချမှတ်နိုင်ရေး ယခုအရေးပေါ် အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

UNFC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးနိုင်ရေးအတွက် အစိုးရထံ အဆိုပြုရှစ်ချက် တင်ပြထားပြီး ညှိနှိုင်းသဘောတူညီမှုရရှိပါက NCA လက်မှတ်ထိုးမည်ဟု ထုတ်ပြန်ကြေညာထားသည်။

UNFC ၏ အဆိုပြုချက်များထဲမှ ဆွေးနွေးရန်ကျန်ရှိနေသည့် အချက်များကို ဆက်လက်ညှိနှိုင်း အဖြေရှာရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် စာဖြင့် ကမ်းလှမ်းထားသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိပေ။

ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံခွင့် တောင်းခံထားချိန်၌ပင် UNFC ၏ DPN အဖွဲ့မှ ကိုယ်စားလှယ်အချို့နှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူတို့ ဒီဇင်ဘာလကုန်ပိုင်းက ပြည်တွင်း၌ အလွတ်သဘော တွေ့ဆုံခဲ့သော်လည်း နှစ်ဖက်စလုံးမှ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ရေးထိုးနိုင်ရန် အစိုးရသို့ အဆိုပြုတင်ပြထားသည့် အချက်ရှစ်ချက်အား ဆွေးနွေးရာတွင် အပြီးသတ် ဆွေးနွေးရန် အချက်တစ်ချက်သာ ကျန်တော့ကြောင်း အဋ္ဌမအကြိမ် ဆွေးနွေးပွဲအပြီး နှစ်ဖက်တာဝန်ရှိသူများက မီဒီယာများအား ပြောကြားထားသော်လည်း မည်သည့်အချက် ကျန်ရှိသည်ကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

အဆိုပါ ကျန်ရှိနေသည့်အချက်မှာ အဆိုပြုချက် (၂) ဖြစ်သည့် “လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်” အချက်တွင် စကားလုံး အသုံးအနှုန်းအပေါ် အငြင်းပွားလျက်ရှိကြောင်း သိရသည်။

မူလက အဆိုပါအချက် နံပါတ် (၂) မှာ ညှိနှိုင်းပြေလည်မှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရ၊ တပ်မတော်ဘက်မှ NCA စာချုပ် အခြေခံ မူများအခန်းပါ ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေး ပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်’ ပြဋ္ဌာန်းချက်အတိုင်းသာ လက်ခံမည်ဖြစ်ကြောင်း သဘောထား ပြန်လည်တင်ပြထားသဖြင့် ညှိနှိုင်းမှုရှေ့ဆက်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ထို့ပြင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် အများစုသည် NCA ရေးထိုးရန် ဆန္ဒရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

January 7, 2018














Copy Protected by Chetan's WP-Copyprotect.