ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ်သန်းနှစ်ထောင် ခွဲဝေချထားမည်

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ်သန်းနှစ်ထောင် ခွဲဝေချထားမည်
Published 7 January 2018

ဆေးသုတေသနဦးစီးဌာနရှိ သုတေသနဓာတ်ခွဲခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ်သန်းနှစ်ထောင် (နှစ်ဘီလျံ) ခွဲဝေချထားပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက သုတေသနရန်ပုံငွေအဖြစ် ကျပ်သန်းတစ်ထောင် ခွဲဝေချထား ပေးနိုင်ခဲ့ပြီး လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သုတေသနရန်ပုံငွေ ကျပ်သန်းနှစ်ထောင်အထိ ခွဲဝေချထားပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များပြီး အချိန်တိုအတွင်း လက်တွေ့အကျိုးရလဒ်ရရှိရန် ခက်ခဲသော Basic Research များကို ပြုလုပ်ခြင်းထက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ တိုင်းရင်းဆေး၊ အားကစား စသည်ဖြင့် လုပ်ငန်းများတွင် လက်တွေ့ ပြန်လည်အသုံးချနိုင်မည့် သုတေသနများကို ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးကဏ္ဍက အဓိကအားဖြင့် ကုသရေး၊ ရောဂါကာကွယ်ရေး၊ နှိမ်နင်းရေးအပိုင်းတွေမှာ ကျန်းမာရေးအသုံးစရိတ်ကို အဓိက အသုံးပြုနေတာဖြစ်တဲ့အတွက် သုတေသနပိုင်းမှာ အသုံးစရိတ်တွေကို မှန်းသလောက် မပေးနိုင်ခဲ့ပါဘူး။ သို့သော်လည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကစပြီး သုတေသန လုပ်ငန်းတွေအတွက် အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲပေးခဲ့တာ တစ်ရာခိုင်နှုန်းအောက် ရနေရာကနေ တစ်ရာခိုင်နှုန်းနဲ့ နှစ်ရာခိုင်နှုန်းကြား ရလာတယ်။ ပြီးခဲ့တဲ့နှစ်က သုတေသန ထောက်ပံ့ကြေးတွေနဲ့ ပတ်သက်ပြီး ကျပ် တစ်ဘီလျံ (ကျပ်သန်းတစ်ထောင်) ပေးခဲ့တယ်။ အဓိက,ကတော့ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်တွေဖြစ်တဲ့ ဆေးတက္ကသိုလ်တွေနဲ့ ဆေးဘက်ဆိုင်ရာ နှီးနွှယ်တက္ကသိုလ် စုစုပေါင်း ၁၆ ခုရှိပါတယ်။ အဲဒီ ၁၆ ခုမှာ သုတေသနဆောင်ရွက်နေကြတဲ့ ပညာရှင်တွေ၊ သူတို့ရဲ့ သုတေသန စာတမ်းတွေအတွက် ဒါကိုဦးတည်ပြီးတော့ ပေးတဲ့အတွက် ဒီရန်ပုံငွေကို တက္ကသိုလ် ၁၆ ခုက သုတေသီတွေကို ခွဲဝေထောက်ပံ့ခဲ့ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ဒီနှစ်မှာလည်း သုတေသန လုပ်ငန်းတွေအတွက် ရန်ပုံငွေ ကျပ်သန်း နှစ်ထောင်အထိ တိုးပေးဖို့ စီစဉ်နေပြီး လက်တွေ့ပြန်လည် အသုံးချလို့ရနိုင်မယ့် သုတေသနတွေကို ပိုမိုပြုလုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့်လျော်ညီသော၊ အသုံးဝင်ထိရောက်သော၊ အရည်အသွေးပြည့်မီသော သုတေသနလုပ်ငန်းများကို ရွေးချယ်ထောက်ပံ့နိုင်ရန်အတွက် သုတေသန အဆိုပြုလွှာများကို ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ ရွေးချယ် ထောက်ပံ့နိုင်မည့်အဖွဲ့အား ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက် နေ့စွဲပါစာအမှတ် (၃၃/၂၀၁၇) ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနကို ရေရှည်တွင် သီးခြားရပ်တည်နိုင်သည့် နိုင်ငံတကာ သုတေသနဌာနများကဲ့သို့ အသွင်ပြောင်းနိုင်ရန် ရည်မှန်းထားကြောင်း၊ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ပြုလုပ်ရာတွင် အရည်အသွေး ပိုမိုပြည့်ဝသော ဆေးကုသမှုများ ရရှိနိုင်ရန်အတွက် ဆေးကုသမှုဆိုင်ရာ သုတေသနလုပ်ငန်းများကို ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း၊ သုတေသနကျင့်ဝတ်ဆိုင်ရာ ကော်မတီများလည်း ပိုမိုအရည်အသွေးမြင့်မားပြီး လုံလောက်သည့် အရေအတွက်ရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ကျင့်ဝတ်နှင့် ညီညွတ်သော သုတေသနလုပ်ငန်းများ ပိုမိုများပြားစွာ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၇ ခုနှစ် ဇန်နဝါရီက ကျင်းပသည့် (၄၅) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

Most Read

Most Recent