မြန်မာ-ထိုင်းနယ်စပ် မောတောင်တွင် လျော်ကြေးကိစ္စ တစ်ခုကြောင့် အမျိုးသမီးတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရ

မြန်မာ-ထိုင်းနယ်စပ် မောတောင်တွင် လျော်ကြေးကိစ္စ တစ်ခုကြောင့် အမျိုးသမီးတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရ
Published 7 January 2018

မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့တွင် လျော်ကြေးကိစ္စ တစ်ခုကြောင့် အမျိုးသမီးတစ်ဦးမှာ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရကြောင်း သိရသည်။

နယ်စပ်မြို့ တစ်မြို့ဖြစ်သော မောတောင်မြို့တွင် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ဈေးဝယ်ထွက်လာသည့် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သတင်းအရ ရဲအုပ်ရဲမြင့် ဦးဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးရာ  ဦးထွန်းသန်း (၆၂  နှစ်)(ဘ) ဦးသောင်းရွှေ၊ မြို့မရပ်ကွက်နေသူက မဝင်းဝင်းနွယ် (၃၅ နှစ်) ( ဘ ) ဦးထွန်းဘို၊ မြို့မရပ်ကွက်နေသူအား အသွား ကိုးလက်မ ၊ အရိုး ခြောက်လက်မ၊ ဗြက် တစ်လက်မရှိသည့် ဓားမြောင်ဖြင့် ငါးချက်ထိုးသဖြင့် ရင်ဘတ်၊ နောက်ကျောနှင့် လက်များတွင် ဓားဒဏ်ရာများ ရရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ မဝင်းဝင်းနွယ်အား မောတောင်တိုက်နယ်ဆေးရုံမှ တစ်ဆင့် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ရရှိဒဏ်ရာများဖြင့် နေ့လည်ပိုင်း တွင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

“မဝင်းဝင်းနွယ် ခင်ပွန်းက ထိုင်းနိုင်ငံသားလို့ ပြောတယ်။ ဦးထွန်းသန်း သမီး(မရှမ်းမငယ်) ဆိုသူကို ယာဉ်တိုက်မှုဖြစ်ထားလို့ တရားရင်ဆိုင်နေရတယ်။ ဦးထွန်းသန်းက သူ့သမီးအတွက် ခြေထောက် ခွဲစိတ်ရမှာဖြစ် လို့ မဝင်းဝင်းနွယ်ဆီ လျော်ကြေးငွေ တောင်းတယ်။ မဝင်းဝင်းနွယ်က တရားရင်ဆိုင်နေရတဲ့အတွက် မပေးနိုင်သေးဘူးလို့ ပြောထားတယ်။ ဒါကို ဦးထွန်းသန်းက မကျေမနပ်ဖြစ်ပြီး ဈေးလာဝယ်တဲ့အချိန်မှာ ဓားနဲ့ လာထိုးသတ်သွားတာပါ”ဟု မောတောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မဝင်းဝင်းနွယ် အသတ်ခံရသည့်အချိန်တွင် ကိုယ်ဝန်ရှိနေကြောင်း ဒေသခံများက ပြောကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မဝင်းဝင်းနွယ်၏ ဖခင်ဖြစ်သူ ဦးထွန်းဘိုမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မောတောင်နယ်မြေရဲစခန်းမှ ( ပ ) ၂ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent