<

ဆန်ဈေးကွက်အတွင်း လက်ရှိ ကျပ်ဘီလျံနှင့် ချီသည့် လိမ်လည်မှုများ ဖြစ်ပေါ်နေသောကြောင့် ဆန်ဈေးကွက် ပျက်သွားနိုင်ဟုဆို

လက်ရှိအချိန်တွင် ဆန်ဈေးကွက်အတွင်း ဘီလျံနှင့်ချီ၍ လိမ်လည်မှုများ ဖြစ်ပေါ်နေသောကြောင့် ဆန်ဈေးကွက် ပျက်သွားနိုင်ကြောင်း ဇန်န၀ါရီ ၆ ရက်က ရန်ကုန်မြို့ရှိ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

“ပျက်တာပေါ့။ ကျွန်တော်တို့ ဒါ ဒီနေ့ အများပြောနေတဲ့ ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့တယ်။ ဒါပေမဲ့ ဆန်ဈေးကွက်မှာ တကယ် နှစ်သန်းကျော် တင်ပို့တဲ့အခါမှာ မိမိပြည်တွင်းမှာရှိတဲ့ ကုန်သည်တွေလည်း အကျိုးအမြတ် မရှိဘူး။ အောက်ခြေမှာ ရှိနေတဲ့ ဆန်စက်ပိုင်ရှင် ဆန်လုပ်ငန်းရှင်တွေလည်း အကျိုးအမြတ် သိပ်မရှိဘူး။ ဘယ်သူတွေက စားသွားတာလဲမေးရင် နိုင်ငံခြားမှာရှိတဲ့ ကုမ္ပဏီတွေကို ဆန်မရှိဘဲနဲ့ တက်ဈေးမျှော်ပြီးတော့ ဟိုလူတွေက ၀ယ်တာကို မင်းတို့ ဆန်ပေါ်တဲ့အချိန် ငါတို့ကိုရောင်း ၂၉၀ စာချုပ် ချုပ်လိုက်ကြ ၃၃၀၊ ၃၄၀ ဖြစ်တဲ့အချိန်ကျမှ မင်းတို့ ဆန်တင်တော့ တင်တော့ဆိုတာ ကျွန်တော်တို့လည်း မစားရဘူး။ ဘယ်သူတွေ စားသွားလဲ ဆိုတော့ ဒီလူတွေပဲ စားသွားတယ်။ အဲဒီအချိန်ကျတော့မှ ဆန်ကို အလုအယက် ၀ယ်တင်တဲ့အခါကျရင် လတ်တလော ပေါက်ဈေးနဲ့ ၀ယ်တင်တာရှိတယ်။ အရင်ဈေးနဲ့ ၀ယ်တင်တာရှိတယ်။ အဲဒီအချိန်မှာ ဘယ်သူမှ အကျိုးအမြတ် မရှိတော့ဘူး။ ဆန်မရှိတဲ့အခါ ရရာဈေးနဲ့ ၀ယ်ရတဲ့ အတွက်လည်း ဆန်ဈေးကွက်တွေ ပျက်သွားတာ” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

အဆိုပါ ငွေကြေးအရှုပ်အရှင်း ပြဿနာမှာ ဇန်န၀ါရီ ၅ ရက်ကတည်းက ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းအနေဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရောင်းအ၀ယ်မှန်၊ အရည်အသွေးမှန်စွာဖြင့် စနစ်တကျ ရောင်းဝယ်ကြရန် အကြိမ်ကြိမ် သတိပေးထားသော်လည်း ရောင်းသူဝယ်သူများက ပုံမှန်မဟုတ်သော အရောင်းအ၀ယ်ကို အကြိမ်ကြိမ် သတိပေးသည့်ကြားမှ လုပ်ကိုင်ကြ၍ ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း အထက်ပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့ထားပြီး နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး အထွေထွေညီလာခံနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တင်ပို့မှုသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တန်ချိန် တစ်သန်း နှင့် ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ထားနိုင်ခဲ့ပြီး စုစုပေါင်း တန်ချိန် ၂ ဒသမ ၂ သန်းကျော် တင်ပို့ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ဗြိတိသျှကိုလိုနီခေတ် ၁၉၂၀ မှ ၁၉၄၁ ခုနှစ် ကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃ သိန်းအထိ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးခေတ် နှင့် လွတ်လပ်ရေးနှောင်းပိုင်းများ ကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံးတင်ပို့မှု ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များ တွင် ဆန်တန်ချိန် တစ်သန်း တင်ပို့ခဲ့ခြင်းသာရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

January 7, 2018














Copy Protected by Chetan's WP-Copyprotect.