<

ထားဝယ်မြို့တွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ရည်းစားဖြစ်သူက နေအိမ်ပေါ်သို့ တက်၍ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွား

အခင်းဖြစ်ပွားရာ နေအိမ်အခန်းတွင်းအား တွေ့ရစဉ်

ဇန်န၀ါရီ ၆ ရက် ည ၇ နာရီခွဲခန့်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက် ကျွန်းမွှေးလမ်းရှိ နေအိမ်အပေါ်ထပ်၌ အမျိုးသမီးတစ်ဦးအား ရည်းစားဖြစ်သူက ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၆ ရက် ညနေ ၆ နာရီတွင် မဟေမာနှင်း (၂၃ နှစ်) မှာ အလုပ်မှ ပြန်လာပြီး ၎င်းနေထိုင်သည့် အခန်းတွင် အမြဲတမ်းနေထိုင်လေ့ရှိရာ အဒေါ်ဖြစ်သူ ဒေါ်သန်းဋ္ဌေးမှ နေအိမ်အောက်ထပ်ရှိ ရေချိုးခန်း၌ ရေချိုးရန် ပြင်ဆင်နေစဉ် နေအိမ်ရှေ့တွင် Click-i ဖြူ/ပြာရောင် ဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို တွေ့ရှိရကြောင်း၊ ၎င်းဆိုင်ကယ်မှာ နေအိမ်သို့ အမြဲတမ်း လာရောက်နေသည်ကို သတိထားမိပြီး နေအိမ်အောက်ထပ်၌ ရေချိုး၍ အ၀တ်အစားလဲနေစဉ် နေအိမ်၌ အတူနေသော ချွေးမဖြစ်သူ မညိုညိုမှာ ၀ဲကျွန်းမြို့သစ်ရပ်ကွက် အလှူမှ ပြန်လည်ရောက်ရှိလာပြီး အိမ်ပေါ်သို့ တက်ရောက်စဉ် မဟေမာနှင်းနေသည့် အခန်းသို့ ကြည့်ရှုရာ မဟေမာနှင်းမှာ ဒဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိရကြောင်း၊ ဒေါ်သန်းဌေးအား လာရောက် ပြောပြ၍ သွားရောက်ကြည့်ရှုရာ မဟေမာနှင်းမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့မြင်ရပြီး နေအိမ်ရှေ့သို့ ရောက်ရှိနေသည့် Click-i ဆိုင်ကယ်မှာလည်း မရှိတော့သောကြောင့် မဟေမာနှင်းအား သတ်သူကို ဖော်ထုတ်ပေးရန် အဒေါ်ဖြစ်သူ ဒေါ်သန်းဌေးက ထားဝယ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အခင်းဖြစ်ပွားသည့် အချိန်တွင် အသတ်ခံရသူ၏ အဒေါ်ဖြစ်သူနှင့် အသတ်ခံရသူ နှစ်ဦးတည်းသာ နေအိမ်၌ရှိနေပြီး အဒေါ်ဖြစ်သူမှာ ရေချိုးနေသည့်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့် နေအိမ်အတွင်းမှ ဆိုင်ကယ်ဖြင့် မျက်နှာဖုံးစွပ်လျက် လူတစ်ဦး ထွက်ပြေးသွားသည်ကို နံဘေးရှိနေအိမ်မှ မြင်တွေခဲ့ရကြောင်း သိရသည်။

ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခြင်း ခံရသည့် မဟေမာနှင်းမှာ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်ပြီး ၎င်းအသတ်မခံရမီ ရက်များအတွင်း ၎င်း၏ရ ည်းစားဟောင်းဖြစ်သူက ၎င်းအား အလုပ်နှင့် နေအိမ်အနီးသို့ လာရောက်၍ မကြာခဏ စောင့်ကြည့်နေမှုများ ရှိသည်ဟု ၎င်း၏ သူငယ်ချင်းဖြစ်သူကို ပြောပြခဲ့ဖူးပြီး ၎င်းစီးနင်းသည့် ဆိုင်ကယ်မှာ အခင်းဖြစ်ပွားပြီးနောက် နေအိမ်အတွင်းမှ ထွက်ပြေးသွားသူ စီးနင်းသည့်ဆိုင်ကယ်နှင့် တူညီကြောင်း အဒေါ်ဖြစ်သူက ပြောကြားသည်။

အခင်းဖြစ်ပွားပြီးနောက် ထားဝယ်မြို့ ရဲစခန်းမှ ၎င်းလူသတ်မှုအား (ပ)၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂-က ဖြင့်အမှုဖွင့်ပြီး တရားခံဖြစ်သူအား စုံစမ်းရှာဖွေရာ အခင်းဖြစ်ပွားသည့် နေအိမ်သို့ ရောက်ရှိလာသည့် Click-i ဖြူ/ပြာရောင် ဆိုင်ကယ်မှာ မဟေမာနှင်းနှင့် ချစ်ကြိုက်နေသူ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက် ရေသာယာလမ်းနေ ရဲပိုင်ဦး (ခ) ရဲရဲ (၁၉ နှစ်) ဖြစ်ကြောင်း သိရှိရသဖြင့် ည ၁၁ နာရီခွဲအချိန်ခန့်တွင် ၎င်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

January 7, 2018














Copy Protected by Chetan's WP-Copyprotect.