ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကြိုဆိုရေးစခန်းနှစ်ခု အပြီးသတ်တည်ဆောက်ရန် စီစဉ်လျက်ရှိ

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကြိုဆိုရေးစခန်းနှစ်ခု အပြီးသတ်တည်ဆောက်ရန် စီစဉ်လျက်ရှိ
Published 7 January 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုဆိုရေးစခန်းနှစ်ခု အပြီးသတ်တည်ဆောက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါကြိုဆိုရေးစခန်းတွင် စိစစ်လက်ခံပြီးသူများကို လှဖိုးခေါင်ကျေးရွာရှိ ယာယီစခန်းတွင် ခေတ္တနေထိုင်ရမည်ဖြစ်ကြောင်း၊ အိုးအိမ်ရှိသူများအနေဖြင့် ၎င်းတို့အိမ်ရာသို့ ပြန်လည်နေထိုင်နိုင်ပြီး အကြမ်းဖက်ဖြစ်စဉ်အတွင်း အိမ်ရာများ မီးလောင်ခံရသူများအနေဖြင့် အိမ်ရာတည်ဆောက်ပြီးပါက ရွှေ့ပြောင်းနိုင်ကြောင်း၊ အဆိုပါအိမ်ရာများတည် ဆောက်ရေးတွင် ဆန္ဒရှိပါက Cash For Work အစီအစဉ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း၊ ဖွံ့ဖြိုးရေးအတွက် UEHRD အထူးလုပ်ငန်းအဖွဲ့ ကိုးဖွဲ့က သက်ဆိုင်ရာဒေသများတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်၍ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အစိုးရ၏ ဦးဆောင်မှုဖြင့် UNHCR ပါဝင်နိုင်မည့်ကဏ္ဍကို ဖော်ပြထားကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် စီမံချက်တွင် ကုလသမဂ္ဂအဖွဲ့များပါဝင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် IDP ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေးတွင် ကုလသမဂ္ဂအဖွဲ့၏ အဆိုပြုလွှာကို ပေးပို့နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ပြန်လည်ဝင်ရောက်လာသူများအတွက် မူလနေထိုင်ရာနေရာ (သို့မဟုတ်) အနီးစပ်ဆုံး နေရာများတွင် စနစ်တကျစုစည်း၍ မူလအလုပ်အကိုင် (သို့မဟုတ်) ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်မည့်အခြေအနေများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ပြန်လည်လက်ခံရာတွင် ဟိန္ဒူဘာသာဝင် ၅၀၀ ကျော်အား ပထမဦးဆုံးလက်ခံရန်ဖြစ်ကြောင်း၊ ကုန်းလမ်းမှတစ်ဆင့် ဝင်ရောက်လာသူများအား လက်ခံမည့် တောင်ပြိုလက်ဝဲရှိ လက်ခံရေး၊ စစ်ဆေးရေးစခန်းများကို ဇန်နဝါရီလထဲတွင်လည်းကောင်း၊ ရေလမ်းမှ ဝင်ရောက်လာမည့်သူများအား လက်ခံရေးဆောင်ရွက်မည့် ငါးခူရစခန်းကို ဖေဖော်ဝါရီလအတွင်းတွင်လည်းကောင်း အပြီးသတ်တည်ဆောက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ပြန်လည်ဝင်ရောက်လာသည့်အခါ ယာယီနေထိုင်ရန် ကြားစခန်းကို လှဖိုးခေါင်ကျေးရွာရှိ သတ်မှတ်မြေနေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တစ်ဖက်နိုင်ငံမှ ကုန်းလမ်းမှ ပြန်ဝင်လာသူများအား စိစစ်လက်ခံမည့် တောင်ပြိုလက်ဝဲမြို့နှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားပြီးနောက် ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာသူများကို စိစစ်လက်ခံမည့် ငါးခူရကျေးရွာတို့တွင် လက်ခံရေးစခန်း၊ လူနေ အဆောက်အအုံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်ရန်အတွက် အဆောက်အအုံများကို ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent