ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အအေးလျော့နေဦးမည်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အအေးလျော့နေဦးမည်
Published 7 January 2018

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် အအေးလျော့နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောသည်။

“လေဖိအားနည်းရပ်ဝန်းက သိပ်ပြီးတော့ အားမကောင်းဘူး။ အားကောင်းလာနိုင်တဲ့ အနေအထားလည်း သိပ်မတွေ့ရဘူး။ အိန္ဒိယနဲ့ တရုတ်ဘက်ကနေ လေဖိအားကြီးရပ်ဝန်းက ထိုးနေတယ်။ အဲဒီအတွက်ကြောင့် လေဖိအားနည်းရပ်ဝန်းနဲ့ အားပျက်သွားနိုင်တယ်။ အခုပုံစံနဲ့အတွက်ဆိုရင်တော့ အားကောင်းလာနိုင်တဲ့ အနေအထားတော့ မတွေ့ရဘူး။ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်လောက်မှာပဲ အအေးပေါ့သွားနိုင်တယ်။ ကျန်တဲ့နေရာတွေက အအေးပိုနေဦးမှာ။ အိန္ဒိယနဲ့ တရုတ်ဘက်ကနေ လေဖိအားကြီးရပ်ဝန်းကြောင့် ကျန်တဲ့နေရာနဲ့ အထက်ပိုင်းတွေက အအေးပိုနေဦးမှာ။ လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းလာရင်တော့ အထက်ပိုင်းတွေက အအေးလျော့သွားနိုင်တယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇန်နဝါရီ ၆ ရက် ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေကြောင်း သိရသည်။

ထို့ပြင် မိုးရွာသွန်းမှုအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာခဲ့ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် ကိုကိုးကျွန်းမြို့တွင် ၀ ဒသမ ၃၅ လက်မ၊ မိုင်းဆတ်မြို့နှင့် လွိုင်ကော်မြို့တို့တွင် ၀ ဒသမ ၁၆ လက်မစီ၊ ဘောလခဲမြို့တွင် ၀ ဒသမ ၁၂ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။

ညအပူချိန်များအနေဖြင့် ကယားပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်အထိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုကြောင်း သိရသည်။

Most Read

Most Recent