ဆန်ဈေးကွက်အတွင်း ကျပ်ငါးဘီလျံကျော် လိမ်လည်သွားသည့်ကိစ္စတွင် လိမ်လည်သူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည့် ကော်မတီတစ်ရပ်အပါအဝင် ကော်မတီသုံးခု ဖွဲ့စည်းဆောင်ရွက်မည်

ဆန်ဈေးကွက်အတွင်း ကျပ်ငါးဘီလျံကျော် လိမ်လည်သွားသည့်ကိစ္စတွင် လိမ်လည်သူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည့် ကော်မတီတစ်ရပ်အပါအဝင် ကော်မတီသုံးခု ဖွဲ့စည်းဆောင်ရွက်မည်
Published 7 January 2018

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဇန်နဝါရီ ၆ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

ဆန်ဈေးကွက်အတွင်း ကျပ်ငါးဘီလျံကျော် လိမ်လည်သွားသည့်ကိစ္စတွင် လိမ်လည်သူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည့် ကော်မတီတစ်ရပ်အပါအဝင် ကော်မတီသုံးခုဖွဲ့စည်း၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောကြားသည်။

“ကော်မတီသုံးရပ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီကော်မတီကဖြစ်စဉ်နဲ့  ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီ တိုင်တန်းဖို့အတွက် ဖြစ်စဉ်မှာပါဝင်တဲ့ ကုန်သည်များအတွက် ဥပဒေနဲ့အညီအကျိုး ဆောင်ပေးမယ့်ကော်မတီ ဖြစ်ပါတယ်။ ဒုတိယကော်မတီက ဒီဖြစ်စဉ်မှာ ဦးအောင်ဆွေဦး ပိုင်ဆိုင်တဲ့ပစ္စည်းများကို အချိန်မီ သိမ်းဆည်းရယူဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ တတိယ ကော်မတီကတော့ ဦးအောင်ဆွေဦးရဲ့ ကုမ္ပဏီကို တစ်ဆင့်ပြန်သွင်းတဲ့ ကုန်သည်တွေရဲ့ အောက်မှာရှိတဲ့ ဆန်စက်ပိုင်တွေနဲ့ နယ်ကုန်သည်တွေရဲ့ကြားမှာ ဖြေရှင်းရမယ့် လုပ်ငန်းစဉ်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာ ကော်မတီအသီးသီးကတာဝန်ယူပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

အဆိုပါ လိမ်လည်သွားသည့်ကုမ္ပဏီမှာ A.S.O Co.,Ltd ဖြစ်ပြီး ပိုင်ရှင်မှာ ဦးအောင်ဆွေဦးဖြစ်ကြောင်း၊ အဆိုပါ လိမ်လည်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းသို့ လာရောက်တိုင်ကြားသူ  ၆၀ ကျော်ရှိပြီး စုစုပေါင်းငွေ ပမာဏမှာ ကျပ်ငါးဘီလျံကျော်ရှိကြောင်း သိရသည်။

“ဒီ ၆၀ ကျော်မှာ ငွေပမာဏအမြင့်ဆုံးက သိန်းရှစ်ထောင်၊ အနည်းဆုံးက သိန်း ၁၀၀ ကျော်ရှိတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း အနေဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရောင်းအဝယ်မှန်၊ အရည်အသွေးမှန်စွာဖြင့် စနစ်တကျ ရောင်းဝယ်ကြရန် အကြိမ်ကြိမ်သတိပေး ထားသော်လည်း ရောင်းသူဝယ်သူများမှ ပုံမှန်မဟုတ်သော အရောင်းအဝယ်ကို အကြိမ်ကြိမ် သတိပေးသည့်ကြားမှ လုပ်ကိုင်ကြ၍ ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယခုကိစ္စအပေါ် အခွင့်အရေးယူပြီး ထပ်မံ၍ မလိုလားအပ်သော ကိစ္စများ မပေါ်ပေါက်လာစေရန်အတွက်လည်းကောင်း၊ သက်ဆိုင်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် လည်းကောင်း၊ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အဆိုပါလိမ်လည်သွားသည့်သူအား ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒါ့အပြင် ၎င်းကုမ္ပဏီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့မှ ဆန်ရောင်းချမယ့် အကျိုးဆောင်တွေ ဆန်ကုန်သည်များကိုလည်း အခြေအနေမှန်တွေကို အသိပေးထားခဲ့ပြီး ဖြစ်ပါတယ်။ နစ်နာသူများအတွက် ကနေပြီးတော့ ဥပဒေတွေအကြံပေးခြင်း၊ ထွက်ပြေးတိမ်းရှောင်သူများကို  ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့  ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြလိုပါတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းပေးပို့ထားပြီဖြစ်ကြောင်း ဦးအောင်သန်းဦးက  ဆက်လက်ပြောကြားသည်။

ထွက်ပြေးတိမ်းရှောင်သူများအား တိုင်ကြားမှုတွင် ဆန်စပါးလုပ်ငန်းနှင့်ဆက်စပ်သော ရရန်ရှိငွေများကို တိုင်ကြားခြင်းဖြစ်သော်လည်း  A.S.O ကုမ္ပဏီအနေဖြင့် ဆန်စပါး ပြည်ပတင်ပို့မှုလုပ်ငန်းသို့ မကြာသေးမီ ကာလက ရောက်ရှိလာပြီးလုပ်ကိုင်နေသူဖြစ်ကြောင်း၊ ထို့ပြင် ၎င်း၏ ပဲလုပ်ငန်း၊ သကြားလုပ်ငန်းအပြင် အခြားသောပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့်ဆက်စပ်ပြီး ယခုကဲ့သို့ အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ငွေကြေးအရှုပ်အရှင်းပြဿနာမှာ ဇန်နဝါရီ ၅ ရက်ကဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ A.S.O. Co.,ltd သည် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တွင် ကုမ္ပဏီ မှတ်ပုံတင်အမှတ် (၃၄၇၁/ ၂၀၁၄၊ ၂၀၁၅) နှင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည်။ ယင်း ကုမ္ပဏီအနေဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကုမ္ပဏီမှတ်ပုံတင်ရရှိထားသည့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent