၂၀၁၇-၂၀၁၈ ဆားလုပ်ရာသီတွင် မွန်ပြည်နယ်၌ နေလှန်းဆားတွက်ခြေကိုက်မှုအရ ယခင်နှစ်ထက် ဧက ၂၀၀ ကျော်တိုး၍ ဆားထုတ်လုပ်နေ

၂၀၁၇-၂၀၁၈ ဆားလုပ်ရာသီတွင် မွန်ပြည်နယ်၌ နေလှန်းဆားတွက်ခြေကိုက်မှုအရ ယခင်နှစ်ထက် ဧက ၂၀၀ ကျော်တိုး၍ ဆားထုတ်လုပ်နေ
Published 7 January 2018

သံဖြူဇရပ်မြို့နယ်ရှိ ပငဆားကွင်းအား တွေ့ရစဉ်

မွန်ပြည်နယ် နေလှန်းဆားဈေးကွက် တွက်ခြေကိုက်မှုကြောင့် ယခုနှစ်ဆားထုတ် လုပ်ရာသီတွင် ဆားလုပ်တောင်သူ ၇၀ တို့မှ ဆားကွင်းဧကပေါင်း ၂၈၃၉ ဆားလိုင်စင် ရယူထားပြီး၊ ယခင်နှစ်ထက်ဧက ၂၀၀ ကျော် တိုးထုတ်လုပ်နေကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း  ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ်ဦးစီးမှူးဦးခင်စိုးက ပြောကြားသည်။

“ဒီနှစ်ဆားကွင်း ဧကတိုးလာတယ်။ ဧက ၂၀၀ ကျော်တိုးလာတယ်။ အခုကဆား ဈေးက ၁၀၀ အထက်ကိုပြန်တက်တော့ ရပ်နားထားတဲ့ ဆားကွင်းတွေလည်း ပြန်လုပ်လာကြတယ်။ ဆားကွင်းတိုးလာတယ်”  ဟု ဦးခင်စိုးက ပြောကြားသည်။

ယမန်နှစ်ကမွန်ပြည်နယ်၌ ဆားလုပ်တောင်သူ ၆၈ ဦး ဆားကွင်းဧက၂၅၉၅ ခန့် လုပ်ကိုင်ခဲ့ပြီး ဆားကြမ်းတန်ချိန် ၂၁၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ဆားကွင်းတိုးလာသည့်အတွက် ဆားကြမ်းထုတ်လုပ်နိုင်မှုကိုလည်း တန်ချိန် ၂၇၀၀၀ ကျော်ထုတ်လုပ်ရန် လျာထားသော်လည်း လာနီညာရာသီသက်ရောက်မှုကို ဧပြီလအထိ စောင့်ကြည့်သတိပြုရန်လိုကြောင်း ဦးခင်စိုးက ပြောကြားသည်။

“ဒီနှစ်ဆားဈေးက ၂၀၀ လောက် ထိတောင် ဖြစ်သွားသေးတယ်။ ဒီနှစ်ကတော့ ဈေးကောင်းရတယ်။ ရတာလည်း ဆားလက်ကျန်နည်းတယ်။ မိုးကလည်းစိတ်မချရတော့ ဆားထွက်ကောင်းမယ်လို့စိတ်မချရဘူးဆိုတော့ ထိန်းထားရင်းဈေးကောင်းတယ်လို့ ဆိုရမယ်” သံဖြူဇရပ်မြို့နယ် ဆားလုပ်ငန်းရှင် ဦးညွန့်က ပြောကြားသည်။

မွန်ပြည်နယ်မှထွက်သည့် ဆားများကို ပြည်နယ်အတွင်း အသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိကတင်ပို့ ရောင်းချသည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။

ဆားလုပ်ငန်းကို မိုးကုန်ကာလဖြစ်သည့် အောက်တိုဘာလက လုပ်ငန်းစတင် လုပ်ကိုင်ကြပြီး ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဆားထုတ်လုပ်မှုစတင်လုပ်ကိုင်ကြပြီး မေလကုန်အထိ ဆားထုတ်လုပ်ကြပြီး မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက်ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ်ပလိုင် ကီးကျေးရွာတို့တွင် နေလှန်းဆား ထုတ်လုပ်ကြကြောင်း သိရသည်။

Most Read

Most Recent