ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံးတည်ဆောက်ရန် တင်ပြတောင်းဆိုထားဟု ဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံးတည်ဆောက်ရန် တင်ပြတောင်းဆိုထားဟု ဆို
Published 7 January 2018

ပြင်ခရိုင်မြို့ရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော မုန်တိုင်းဒဏ်ခံ အဆောက်အဦး ၅၇ လုံးကို  တည်ဆောက်ရန်အမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ တိုင်းဒေသကြီးအစိုးရမှ တင်ပြတောင်းဆိုထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

တိုင်းဒေသကြီးအစိုးရမှ တင်ပြတောင်းခံထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများမှာ ပထမဦးစားပေးအဖြစ် ၁၇ လုံး၊ ဒုတိယဦးစားပေးအဖြစ် ၂၄ လုံး၊ တတိယ ဦးစားပေးအဖြစ် ၁၅ လုံးနှင့် လွှတ်တော်ဥက္ကဋ္ဌ ထောက်ခံချက်အရ တစ်လုံးဖြင့် စုစုပေါင်း ၅၇ လုံးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနစာရင်းများ သိရသည်။

“ပထမဦးစားပေးထဲမှာပါတဲ့ ၁၇ လုံးကတော့ ကျွန်တော်တို့ တကယ်အရေးကြီးတဲ့ နေရာတွေမှာ အရင်ဦးဆုံး ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းက မြေပြခန့်များတယ် တောင်ကုန်းတောင်တန်းးနည်းတယ် ၂၀၀၈ ခုနှစ် မုန်တိုင်းတုန်းကဆို နီးစပ်ရာမှာပြေးခိုဖို့ ကုန်းမြင့်မရှိဘူး တက်ရောက်ခိုလှုံခဲ့တဲ့ အဆောက်အအုံတွေက မခိုင်ခန့်ခဲ့ဘူး။ ဒါ့ကြောင့် အများကြီးဆုံးရှုံးခဲ့ရတယ်။ အရင်က သဘာဝဘေးနဲ့ပတ်သက်ရင် ဘေးဖြစ်မှ တုံ့ပြန်တယ်။ အခု စီမံခန့်ခွဲမှု ပြောင်းလာပြီး မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ လိုအပ်လာတယ်။  ကြိုတင်ကာကွယ်မှုကလည်း လုပ်ငန်းစဉ်ထဲကတစ်ခု ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

တင်ပြတောင်းဆိုထားသည့် ပထမဦးစားပေး မုန်တိုင်းဒဏ်ခံ အဆောက်အအုံများမှာ ဖျာပုံမြို့နယ်တွင် ငါးလုံး၊ ဒေးဒရဲမြို့တွင် တစ်လုံး၊ ဘိုကလေးမြို့နယ်တွင် တစ်လုံး၊ ပုသိမ်မြို့နယ်တွင် တစ်လုံး၊ ကျောင်းကုန်းမြို့တွင် တစ်လုံး၊ သားပေါင်းမြို့တွင် နှစ်လုံး၊ ရေကြည်မြို့တွင် ငါးလုံးတို့ဖြစ်ကြောင်းနှင့် စာသင်ကျောင်း၊ ဆေးပေးခန်းသဏ္ဌာန်တို့ဖြင့် တည်ဆောက်ကာ သက်ဆိုင်ရာ လုပ်ကိုင်သူများက ထိန်းသိမ်းစောင့်ရှောက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ယခင်တည်ဆောက်ခဲ့သော အဆောက်အအုံအချို့မှာ သဘာဝဘေးဒဏ် ပြန်လည် ခံစားရခြင်း၊ ထိန်သိမ်းစောင့်ရှောက်သူ မရှိခြင်းတို့ကြောင့် ပျက်စီးမှုများ ဖြစ်ပွားနေကြောင်း သက်ဆိုင်ရာ ဒေသခံများထံမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးမှစတင်ကာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ခဲ့ရာ  ၅၇ လုံး ဆောက်လုပ်ပြီးစီးကာ ဆောက်လုပ်ဆဲ နှစ်လုံးဖြင့်  ၅၉ လုံးရှိကြောင်း သိရသည်။

Most Read

Most Recent