စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကားနှင့် တိုက်မှုကြောင့် လူတစ်ဦးသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်ဆောင်ရွက်ထားပြီး အထက်ဌာနအဆင့်ဆင့်သို့ တင်ပြထားဟု သိရ

စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကားနှင့် တိုက်မှုကြောင့် လူတစ်ဦးသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်ဆောင်ရွက်ထားပြီး အထက်ဌာနအဆင့်ဆင့်သို့ တင်ပြထားဟု သိရ
Published 7 January 2018

မန္တလေးလေးတိုင်းဒေသကြီးမှ စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကားနှင့် ဆိုင်ကယ်တိုက်မှု ဇန်နဝါရီ ၄ ရက် နံနက်က ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်လာသူဘက်မှ တစ်ဦးသေဆုံးခဲ့ရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့် ဆောင်ရွက်ထားကာ ဆက်လက်ဆောင်ရွက်ရန်အတွက် အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း သိရသည်။

“ပုံမှန်ကတော့ ယာဉ်တိုက်မှုကြောင့် လူသေစေမှုတွေအတွက် ချက်ချင်းဖမ်းရတာပေါ့နော်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေအရ သက်ဆိုင်ရာ အထက်အဆင့်ဆင့်ကို တင်ပြရပါတယ်။ သူတို့ရဲ့ ခွင့်ပြုချက်တို့ဘာတို့ တောင်းခံပြီးမှ ဖမ်းဆီးခွင့်ရတာပါ။ ဒါက လုပ်ထုံးလုပ်နည်းပါပဲ။ အဲဒီလုပ်ငန်းစဉ်တွေပြီးမှ ဆက်လက်ဆောင်ရွက်လို့ရမှာပါ။ အခုလက်ရှိကတော့ လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးထားခြင်း မရှိပါဘူး” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က စဉ့်ကူး-လက်ပန်လှသွား ကားလမ်း မိုင်တိုင် အမှတ် (၃/ ၁)၊ မင်းကြီးကုန်းကျေးရွာအနီးတွင် လက်ပန်လှမှ စဉ့်ကူးသို့ မောင်းနှင်လာသည့် Toyota Belta အဖြူရောင်ယာဉ်နှင့်  စဉ့်ကူးမှ လက်ပန်လှသို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ကောင်းထက် (၁၆ နှစ်) မှာ နဖူးပေါက်ပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ မေးစေ့စသည့်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး နောက်မှ ထိုင်လိုက်လာသည့် ဦးနိုင်ဝင်း (၅၂ နှစ်) မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူ ကောင်းထက်မှာလည်း ဒဏ်ရာပြင်းထန်းသဖြင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ကားကို မောင်းနှင်လာသူ စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်နှင့် ဆိုင်ကယ်မောင်းနှင်လာသူ ကောင်းထက်တို့ကို လက်ပန်လှရဲစခန်းမှူး ရဲအုပ်ကျော်ခိုင်မိုးက တရားလိုပြုလုပ်ကာ  ယာဉ် (ပ) ၁/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent