အသစ်ပြင်ဆင်ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တင်ပြတိုင်ကြားစာပေါင်း ၃၉၂ စောင်ရှိပြီး စိစစ်ဆဲအမှု ၁၈၈ မှုရှိကြောင်းသိရ

အသစ်ပြင်ဆင်ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တင်ပြတိုင်ကြားစာပေါင်း ၃၉၂ စောင်ရှိပြီး စိစစ်ဆဲအမှု ၁၈၈ မှုရှိကြောင်းသိရ
Published 7 January 2018

အသစ်ပြင်ဆင်ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာလကုန်အထိ တင်ပြတိုင်တန်းစာပေါင်း ၃၉၂ စောင်ရှိပြီး စိစစ်ဆဲအမှု ၁၈၈ မှုရှိကြောင်း ဇန်နဝါ ၆ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်သို့ တိုင်ကြားသည့်တိုင်စာ အမျိုးအစားများတွင် အဂတိလိုက်စားမှုကြောင့် တိုင်တန်းခြင်းသုံးမှု၊ လွဲမှားတင်ပြ ၃၉ မှု၊ မြေယာစီမံခန့်ခွဲမှု တင်ပြတိုင်တန်းခြင်း ၂၇ မှု၊ တရားစီရင်ရေး တင်ပြတိုက်တန်းခြင်း ၃၇ မှု၊ ဌာနတွင်း ပုဂ္ဂိုလ်ရေးတင်ပြ တိုင်တန်းခြင်းအမှု ၉၀၊ အထွေထွေရှစ်မှုနှင့် စိစစ်ဆဲအမှု ၁၈၈ မှုရှိကြောင်း သိရသည်။

အသစ်ပြင်ဆင်ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် သွားရောက်စစ်ဆေးနေသည့် အမှုသုံးမှုရှိပြီးလက်ရှိတွင် အဆိုပါ အမှုများမှာ ပြီးပြတ်မှု မရှိသေးကြောင်း သိရသည်။

“ကော်မရှင်အသစ်မှာ တိုင်ကြားစာတွေကို စစ်နေတဲ့ အမှုလောလောဆယ်သုံးမှု ရှိပါတယ်။ ကိုယ်တိုင်သွားပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့သွားပြီး စစ်နေတာ သုံးမှု ရှိပါတယ်။အဲဒါတွေကလည်း မပြီးပြတ်သေးဘူး။ တိုင်စာတွေနဲ့ပတ်သက်လို့ အများဆုံးအားဖြင့်တော့ ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်မှုတွေများတယ်။ လုပ်ကိုင်ရလည်း ခက်ခဲတဲ့အတွက်ကြောင့် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ မကျေနပ်ချက်တိုင်ကြားစာတွေ များပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ကျွန်မတို့က အစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်၊ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ စိစစ်ရမယ့်အမှုတွေ ဖြစ်တဲ့အတွက်ကြောင့်သူတို့ကို ပဲပြန်လွှဲပေးပါတယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ကော်မရှင် အသစ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ လွှဲပြောင်းသည့် တိုင်ကြားစာ မရှိသေးဘဲ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ လွှဲပြောင်းလာသည့် တိုင်ကြားစာများအား ကော်မရှင်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုဝန်ကြီးများသို့ တိုင်ကြားသည့် တိုင်ကြားစာများမရှိသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်က ပြောကြားသည်။

၎င်းက “အတိုင်ပင်ခံဆီက ကော်မရှင်ကို လွှဲတဲ့တိုင်ကြားစာတော့ မရှိသေးပါဘူး။ လောလောဆယ်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က လွှဲပြောင်းလာတဲ့ တိုင်ကြားစာတွေကို ကော်မရှင်အနေနဲ့ ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများသို့ တိုင်ကြားစာ မရှိသေးပါဘူး။ ကော်မရှင်အသစ်လက်ထက်မှာ တိုင်ကြားထားတာ မရှိသေးပါဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရုံးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်မှစတင်ကာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ကော်မရှင်ထံ လိပ်မူတိုင်ကြားသည့် တိုင်ကြားစာပေါင်း ၄၃၅၃ စောင်လက်ခံရရှိခဲ့ပြီး တိုင်ကြားစာ ၄၆ စောင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲ အရေးယူဆောင်ရွက်ခဲ့သူ ၁၂၈ ဦး ရှိကြောင်း သိရသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနအကြီးအကဲက နှုတ်ဖြင့် သတိပေးဆုံးမခြင်း လေးဦး၊ မှတ်တမ်းတင်သတိပေးဆုံးမခြင်း ၆၂ ဦး၊ ဝန်ခံကတိ လက်မှတ်ရေးထိုးခြင်း ၁၂ ဦး၊ ရာထူးမှထုတ်ပယ်၊ တာဝန်မှရပ်ဆိုင်းခြင်း ၁၈ ဦး၊ ရာထူးတိုးရပ်ဆိုင်းခြင်းသုံးဦး၊ အငြိမ်းစားယူစေခြင်း တစ်ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရအရေးယူခြင်း ၃၇ ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်းခြင်း နှစ်ဦး၊ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခြင်း ခုနစ်ဦး၊ ငွေပေးလျော်စေခြင်း ကိုးဦးမှ ကျပ် ၂၈၆၆၃၀၀၀၊ ဥပဒေ နှင့်အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ၂၂  ဦး စုစုပေါင်း ၁၇၇ ဦး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၃ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတလက်မှတ်ရေးထိုး၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ပူးပေါင်းဆောင်ရွက်သည့် “အဂတိလိုက်စားမှုတွန်းလှန်ဖို့၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးပွဲအား လာမည့် ဇန်နဝါရီ ၂၂  ရက်မှ၂၃ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent