<

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ယာဉ်ကြောရှုပ်ထွေးသည့် လမ်းများတွင် ကားပါကင်များ သတ်မှတ်ခြင်း စတင်ဆောင်ရွက်ရန် စီစဉ်နေ

ရန်ကုန်မြို့လယ် တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ်

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ယာဉ်ကြောရှုပ်ထွေးသည့် လမ်းများတွင် ကားပါကင် သတ်မှတ်ခြင်းများ စတင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

“အဖွဲ့ပေါင်းစုံဆင်းပြီးတော့ ယာဉ်ကြောရှုပ်ထွေးတဲ့လမ်းတွေ။ အဓိက,ကတော့ ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းတွေ စလုပ်ပါမယ်။ အခုဆိုရင် ရွှေဘုံသာလမ်းက ဈေးကိုလည်း ရွှေ့ပြောင်းပြီး ဖြစ်ပါတယ်။ အဲဒါတွေ စလုပ်ပါမယ်” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ထိုကဲ့သို့ ကားပါကင်ရေးဆွဲခြင်းကို ရန်ကုန်မြို့ မြို့နယ်ခြောက်မြို့နယ်တွင် ပါဝင်သည့် ကျောက်တံတား မြို့နယ်၌ ဆောင်ရွက်မှုများရှိကြောင်း သိရသည်။

“ကားပါကင် အကောင်အထည်ဖော်ဖို့က လွှတ်တော်မှာ ကိုယ်တိုင်မေးမြန်းပြီးတော့ ဆောင်ရွက်မယ့်ကိစ္စပေါ့။ အစ်ကို့မြို့နယ် တစ်မြို့နယ်တည်း မပြောပါဘူး။ Downtown ခြောက်မြို့နယ်ထဲမှာ ကြိုက်တဲ့နေရာက  စလုပ်ပေါ့။ အခုကျောက်တံတားတို့ဘာတို့ လုပ်တာရှိပါတယ်။ သွားလေ့လာတာတွေ ရှိတယ်။ အဆင်သိပ်မပြေဘူး။ မျဉ်းဝါတား ကားပါကင်ဆိုတာ မျက်လုံးထဲမှာမြင်အောင် ပြောတာ။ ပါကင်လုပ်ဖို့အတွက် သတ်မှတ်ချက်တွေ ရှိရမယ်။ ဘယ်ကားကို စံအနေနဲ့ ထားမှာလဲ။ ကျွန်တော့်မြို့နယ်မှာဆိုရင် Alphard ကို စံအနေနဲ့ ထားမယ်။ အိမ်စီးကား ဒီဟာက အကြီးဆုံးပဲ။ ဒီကားရပ်ပြီးရင် တံခါးဖွင့်လောက်တဲ့အထိ အကျယ်အ၀န်းချန်မယ်။ မျဉ်းဝါတွေကို တည့်တွေပဲ တစ်ခုတည်း ဆွဲသွားတဲ့ အခါမှာ တစ်စီးနဲ့တစ်စီး ကပ်ပြီးတော့ စနစ်တကျ မဖြစ်တာတွေ။ အစ်ကိုတို့မြို့နယ်မှာ အခုပြင်နေပါတယ်။ စည်ပင်ကိုလည်း ပြောထားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ကားပါကင်ကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းမှုများရှိခဲ့ပြီး မြို့တော်ဝန် ကိုယ်တိုင်ကလည်း ဆောင်ရွက်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

“အခုအခြေအနေကတော့ ဌာနဆိုင်ရာ ညှိပြီးတော့ လွှတ်တော်နားရက်တွေမှာ စတင်ပြင်ဆင်နေပါပြီ။ ရွှေဘုံသာလမ်းတို့၊ ဖရေဇာတို့ကို စလုပ်ဖို့ စီစဉ်ထားတာ ရှိပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

 

January 5, 2018














Copy Protected by Chetan's WP-Copyprotect.