ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၏ အဓိကစခန်းလေးခုအား သိမ်းပိုက်ရရှိကြောင်း တပ်မတော် ထုတ်ပြန်

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၏ အဓိကစခန်းလေးခုအား သိမ်းပိုက်ရရှိကြောင်း တပ်မတော် ထုတ်ပြန်
Published 6 January 2018

သိမ်းပိုက်ရရှိခဲ့သည့် C-2 စခန်းကုန်းအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၏ အဓိကစခန်းလေးခုအား ဇန်နဝါရီ ၄ ရက်တွင် သိမ်းပိုက်ရရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ နယ်၊ မန်ဝိန်းကြီးကျေးရွာအုပ်စု၊ မံဂမ်ကျေးရွာ အနီးမှ KIA အဖွဲ့သည် တပ်မတော်၏ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ရဟတ်ယာဉ်တစ်စင်းအား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဟတ်ယာဉ်အနည်း ငယ်ထိခိုက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့၏ တရားမဝင်မှောင်ခိုလုပ်ငန်းများ ဆောင်ရွက်နေသည့်စခန်းများအား တွေ့ရှိသိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ ဒေသအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်အထိ KIA အဖွဲ့၏ စခန်းငယ် ၁၈ ခုအား သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီ ၄ ရက်တွင် အဓိကစခန်းများအား လက်နက်ကြီးပစ်ကူယူ တိုက်ခိုက်ခဲ့ရာ ခန့်မှန်းမြေပုံ ညွှန်း (LG-387264)(C4) တောင်ကုန်းအား နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (LG-386262)(C3) တောင်ကုန်းအား ၁၁ နာရီခွဲတွင်လည်း ကောင်း၊ ခန့်မှန်းမြေပုံညွှန်း (LG-373263)(C1) တောင်ကုန်းအား ညနေ ၄ နာရီခွဲတွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (LG-375262)(C2) တောင်ကုန်းအား ညနေ ၆ နာရီတွင်လည်းကောင်း စုစုပေါင်း အဓိက စခန်းလေးခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ဖြစ်စဉ်များတွင် ရန်သူ့ထံမှ အခိုင်အမာတည်ဆောက်ထားသည့် ကတုတ်ကျင်းများ၊ အဆောက်အအုံများ၊ ငွေကြေး (မူရင်းတွင် ဆက်ကြေးဟုသုံးနှုန်း)ကောက်ခံရာတွင် အသုံးပြုသည့် ပြေစာဖြတ်ပိုင်းနှင့် လယ်ဂျာစာအုပ်များ၊ လက်နက်ငယ်များနှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူအချို့ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အဆိုပါစခန်းအား သိမ်းပိုက်ရရှိခြင်းအားဖြင့် မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်းမှ တရားမဝင်ဖြတ်သန်း၍ မြန်မာ့အဖိုးတန်သယံဇာတများနှင့် သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမဝင်ခိုးထုတ်မည့် အဓိကလမ်းကြောင်းနေရာတစ်ခုအား ပိတ်ဆို့ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာထွက်ပြေးသူများနောက်သို့လည်းကောင်း၊ အခြား တရားမဝင်လမ်းကြောင်းများ အပါအဝင် အဓိကနေရာများအားလည်းကောင်း ဆက်လက်ဖော်ထုတ်ဆောင်ရွက်ဆဲဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

Most Read

Most Recent