စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီး အောင်ရတနာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ သင်းခွေချပ် ခြောက်ကောင်နှင့် လိပ်ပျော့သုံးကောင် ဖမ်းဆီးရမိ

စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီး အောင်ရတနာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ သင်းခွေချပ် ခြောက်ကောင်နှင့် လိပ်ပျော့သုံးကောင် ဖမ်းဆီးရမိ
Published 6 January 2018

စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီး အောင်ရတနာ ခရီးသည်တင်ယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသော သင်းခွေချပ်ကို တွေ့ရစဉ်

စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီး အောင်ရတနာ ခရီးသည်တင်ယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသော သင်းခွေချပ်အရှင် ခြောက်ကောင်နှင့် လိပ်ပျော့အရှင် သုံးကောင် ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၅ ရက်တွင် စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

“ဒီနေ့မနက် တစ်နာရီက ဖမ်းဆီးရမိတာပါ။ ကားကိုတားစစ်ဆေးရင်း တရားမဝင် သယ်ဆောင်လာတဲ့ သင်းခွေချပ်တွေနဲ့ လိပ်ပျော့သုံးကောင် ရှာဖွေတွေ့ရှိခဲ့တယ်။ တရားမဝင် သယ်ဆောင်လာတဲ့ အမျိုးသား နှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေပါတယ်” ဟု စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၅ ရက် နံနက် ၁ နာရီခန့်က စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီး မုံရွာ-မန္တလေးကားလမ်း မြောက်မှတောင်သို့ ယာဉ်မောင်းကျော်ကျော် မောင်းနှင်လာသော 5I/---- ဟီးနိုးအဖြူရောင် အောင်ရတနာ ခရီးသည်တင် မှန်လုံယာဉ်အား မသင်္ကာ၍ ရွာသစ်ကြီးနယ်မြေစခန်း မြို့နယ်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင်မှု/ နှိမ်အဖွဲ့မှ ရဲအုပ်အောင်စိုးမင်း ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရာ ယာဉ်၏ အောက်ဘောက်ထဲတွင် ဖုံးအုပ်သိုဝှက် တင်ဆောင်လာသော သင်းခွေချပ် ခြောက်ကောင်နှင့် လိပ်ပျော့သုံးကောင် (တန်ဖိုးစိစစ်ဆဲ)တို့အား တရားမဝင် တင်ဆောင်လာ၍ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

ထိုသို့ တောရိုင်းတိရစ္ဆာန်များဖြစ်သည့် သင်းခွေချပ် ခြောက်ကောင်၊ လိပ်ပျော့သုံးကောင်အား တရားမဝင် သယ်ဆောင်လာသူ ယာဉ်မောင်းကျော်ကျော် (ခ) ကျော်ကြီး (၄၀ နှစ်) အောင်ချမ်းသာရပ်ကွက် ရေဦးမြို့နှင့် ယာဉ်နောက်လိုက် ရွှေရည်ဝင်းထွေး (၁၈ နှစ်) အောင်ချမ်းသာရပ်ကွက် ရေဦးမြို့တို့အား ရွာသစ်ကြီး နယ်မြေရဲစခန်း၌ (ပ) ၂/၂၀၁၈ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent