ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဥပဒေ၏ အကာအကွယ်ကို တစ်ပြေးညီ ခံစားနိုင်ရန် အကူအညီပေးမည်ဟုဆို

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဥပဒေ၏ အကာအကွယ်ကို တစ်ပြေးညီ ခံစားနိုင်ရန် အကူအညီပေးမည်ဟုဆို
Published 6 January 2018

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် တရားသူကြီးချုပ်တို့တွေ့ဆုံခြင်းနှင့် လုပ်ငန်းစဉ်များ ဆွေးနွေးရှင်းလင်းပွဲပြုလုပ်စဉ်

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကိုဖွဲ့စည်းထားပြီး ဥပဒေ၏ အကာအကွယ်ကို တစ်ပြေးညီခံစားနိုင်ရန် အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ သတင်းရရှိသည်။

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် တရားသူကြီးချုပ်တို့ တွေ့ဆုံခြင်းနှင့် လုပ်ငန်းစဉ်များ ဆွေးနွေးရှင်းလင်းပွဲကို ရှမ်းပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေအရ ရှမ်းပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူလူထုများအတွက် ဥပဒေဆိုင်ရာအထောက်အကူများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရဲနိုင်အောင်က ပြောကြားသည်။

“အဖွဲ့ဖွဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ရှစ်ချက်ရှိတယ်။ ပြည်သူတွေ ဥပဒေပါအခွင့်အရေးတွေ ရရှိဖို့၊ ဥပဒေရဲ့အကာအကွယ်ရရှိဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ကြိုတင်လုပ်ငန်းတွေအတွက် ဒါတွေအထိ ဒီအဖွဲ့တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အချုပ်အခြာအာဏာ ဆိုတာရှိတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာသုံးရပ်ကို အချုပ်အခြာ အာဏာလို့ခေါ်တယ်။ တစ်ခုပေါ်တစ်ခု လွှမ်းမိုးလို့မရဘူး။ သို့သော်လည်း အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုသာလျှင် ရှိပါတယ်။ ဥပဒေဆိုတာကတော့ No One is above the Law ဆိုတဲ့အတိုင်းပါပဲ။ ယုတ်လတ်မြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းမရွေးတပြေးညီ ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်အောင်က ပြောကြားသည်။

“အဓိက ပြစ်မှုဖြစ်နေတဲ့ ပြည်သူတွေ အတွက် အဓိကထားပြီးဆောင်ရွက်မယ်။ ဥပဒေအခန်း (၂) မှာလည်းပါတယ်။ အခြေခံမူလည်းပါတယ်။ အမှုတွေနဲ့ ပတ်သက်ပြီး တော့ သက်သေခံ၊ ဒီဥပဒေမှာထူးခြားတာက သက်သေတွေကိုအာမခံဖို့ အားနည်းနေတာ။ သက်သေတွေကလည်း အမှန်တရားကိုသိရဲ့သားနဲ့ ကြောက်လို့ အမှန်တရားမထွက်တာ တွေပေါ့။ တိုင်စာလို့ပြောပေမဲ့ တိုင်စာလို့ မပြောဘဲ အကူအညီတောင်းစာ၊ အစီရင်ခံစာ မေတ္တာရပ်ခံစာပေါ့။ အဲဒါကို တိုင်တယ်ဆိုတော့ တစ်ဖက်က လုပ်ပေးရမယ့်အဖွဲ့အစည်းက မဟုတ်တာတွေလုပ်လို့ လုပ်ပေးရမယ့် သဘောဖြစ်နေတယ်။ အထောက်အကူပေးရေးအဖွဲ့မှာလည်း ပြစ်မှုနဲ့ပတ်သက်လို့ အကူအညီပေးရေး အတိအလင်းပါတယ်”ဟု ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးက ဆိုသည်။

ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူများမှာ ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်မှုချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရသည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အထူးပြုစုစောင့်ရှောက်မှုလို အပ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ခုခံအားကျဆင်းမှုရောဂါ သို့မဟုတ် အခြား ကူးစက်မြန်ရောဂါခံစားနေရသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံခြားသားများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များကိုလည်းကောင်း၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများကိုလည်းကောင်း၊ ထူးခြားသည့် အကြောင်းအရာတစ်ခုခုကြောင့် အကူအညီတောင်းခံလာသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေများကိုလည်းကောင်း ဆိုလိုသည်ဟု ဥပဒေတွင် ဖော်ပြပါရှိသည်။

Most Read

Most Recent